Wednesday, June 6, 2012

ဒေါ်စု လန်ဒန်တွင် ရုံသွင်းခံရခြင်း

လန်ဒန်ရောက် ကျနော့် မိတ်ဆွေ တစ်ယောက် ထပ်ဆင့် ရှယ်ပေးလိုက်တဲ့ email ပါ။ လူအများ သိသင့်တယ် ထင်လို့ တင်လိုက်ပါတယ်။ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးကို မိမိတို့ ဘာသာ ချင့်ချိန်ကြပါကုန်။ 
ဒေါ်စု လန်ဒန်တွင် ရုံသွင်းခံရခြင်း 
ကြားကောင်းသေးရဲ့လား အရပ်ကတို့ ရေ… 
လန်ဒန်မှာ ဒေါ်စုလာတဲ့အခါ တွေ့ ဖို့ ပိုက်ဆံပေးရမယ် ဆိုပဲ။ မျောက်ပြဆန်တောင်းတယ် ဆိုတာ ဒါမှ အစစ်။ အားတော့ နာပါရဲ့။ အခုလို ပြောလိုက်ရတော့ ဒေါ်စုလဲ မျောက်ဖြစ်ရရော။ ဘယ့်နှယ့်ဗျာ ဒေါ်စုကို တွေ့ ဖို့ ပိုက်ဆံပေးရမယ်ဆိုတာ ဒီတခါပဲကြားဖူးတယ်။
ဘယ်သူတွေ စီစဉ်ကြလို့ ဘာတွေ လုပ်ကြလဲ ဘာဆို ဘာမှ ရေရေရာရာလဲ မသိရ။ အသေးစိတ်သိချင်ရင် ဘယ်ဖုန်းကိုဆက်ပါ၊ ဘယ် အီးမေးလ်ကို ဆက်သွယ်ပါ ဆိုတာက တစ်မျိုး။ သူ့ ကိုပဲ ရှိခိုးဦးတင် သိချင်တာလေး ခခရရ မေးရမလို။ နောက်ဆုံးတော့ တစ်ယောက်က လက်မှတ်ဝယ်ရမည် တစ်စောင် ဆယ်ပေါင်တဲ့။
ပြောရတော့ မကောင်း။ လန်ဒန်မှာက ဘုန်းကြီးကလူဖြစ်၊ လူက ဘီလူးဖြစ်၊ နေရာလိုချင်ကြ၊ နေရာယူကြ၊ လုပ်စားကြ၊ အမျိုးမျိုးအဖုံဖုံ။ စင်ပေါ်တက်ချင်ကြ၊ မိုက်ခဲလုပ်ချင်ကြ၊ နာမည်ကြီးဖို့ ဘာပဲ
ပေးရပေးရ၊ ကျွေးရကျွေးရဆိုသလို။ နိုင်ငံခြားသားကြတော့လည်း နိုင်ငံခြားသား အလျောက် ဗမာပြည် နိုင်ငံရေးဟာ ဆွေစဉ်မျိုးဆက် စားမကုန်တဲ့ ရတနာသိုက်ကြီး၊ ဗမာတွေကြတော့ လည်းတဖုံ၊ ရသလိုနေရာယူ၊ လည်သလို လုပ်စား။ အမြီးစားတဲ့သူစား၊ ခေါင်းစားတဲ့သူစား၊ အရိုးအရင်း ကိုက်တဲ့သူကိုက်၊ ဘာမှ မစားရတဲ့သူတွေက မစားရတဲ့အမဲ သဲနဲ့ ပက်။ နှားခေါင်းသွေးတွေက အပျက်ပျက်နဲ့ အတောင့်လိုက်ထွက်။
ဒေါ်စုနဲ့ တွေ့ ဖို့ နေရာလိုတယ်၊ ငှားတယ်ဆိုလဲ အားလုံးစုပြီး အိပ်စိုက်လိုက်ကြပေါ့။ အခုတော့ ကိုယ့်အိပ်ထဲက တပြားတချပ်မှ မစိုက်နိုင်တဲ့ အပြင် လက်မှတ်ရောင်းတော့ ဒီငွေတွေက ဘာအတွက်၊ ဘယ်သူ့ အတွက်လဲ။ ဒေါ်စုနဲ့ ရော တိုင်ပင်ပြီးပြီလား၊ အသိပေးပြီးပြီလား။ ကျုပ်တော့ ဘယ်တုန်းကမှ မကြားစဖူး ဒေါ်စုနဲ့ တွေ့ ဖို့ ပိုက်ဆံပေး လက်မှတ်ဝယ်ရမယ်ဆိုတာ။ ကျုပ်တို့ ခေါင်းဆောင်ကို ငွေပေးတွေ့ ရတာတော့ တော်တော်ရှက်ဖို့ ကောင်းနေပြီ။ အခုဟာက လုံးဝကို ရုံသွင်းတဲ့ အဖြစ်ပဲ။
အကောင်းဆုံးကတော့ ဒေါ်စု ဘိလပ်က ဘယ်သူနဲ့ မှ၊ ဘယ်အဖွဲ့ နဲ့ မှ မတွေ့ တာ အကောင်းဆုံးပဲ။ မဲဆောက်လိုနေရာက အမှန်အကန် တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ သူတွေနဲ့ တောင်
မတွေ့ နိုင်ခဲ့တာ လန်ဒန်ရောက်မှ ရုံသွင်းခံပြီးတော့တော့ လုပ်စားများနဲ့ မတွေ့ သင့်တာ အမှန်ပါပဲ။
စဉ်စားသာ ကြည့်ကြပါတော့ လန်ဒန်က အတိုက်အခံ အမည်ခံသူတို့ ရဲ့ အောက်ပါ ကြံရည်ဖန်ရည်တွေကို…..
Sandy Thin Mar Oo (Mobile : 07834593617 and phoethin@hotmail.co.uk ) ထံတွင် ဆက်သွယ်ပြီး လက်မှတ်များ စတင်ဝယ်ယူနိုင်ပါပြီ။ လက်မှတ်ကို အထူး အချိန်ကန့်သတ်ထားပါသဖြင့် အမြန်မှာယူကြပါရန် လေးနက်စွာ တိုက်တွန်းပါသည်။ အမေစုသည် မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများကိုသာ ဦးစားပေးတွေ့ဆုံချင်သော ပြင်းပြသော ဆန္ဒရှိနေပါသဖြင့် "ယူကေ" နိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ရှိနေပါသော ညီအကိုမောင်နှမများ အမြန်ဆက်သွယ်ကြပါရန်။ မေတ္တာဖြင့် စန္ဒီသင်းမာဦး ♥♥♥
(အောက်တွင် သတင်းအပြည့်အစုံကို ဖတ်ရှုကြပါရန်)
Dassk London @
June လ ၂၂ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် ယူကေနိုင်ငံသို့ ရောက်ရှိလာမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲကို လန်ဒန်မြို့ Royal Festival Hall တွင် ကျင်းပမှာ ဖြစ်ပြီး .. လက်မှတ်များကို စာရင်းပေး၍ ဝယ်ယူရရှိနိုင်ပါပြီ။ အခမ်းအနား ကျင်းပမည့် အချိန် အတိအကျကို ဆက်လက် ကြေငြာသွားမည် ဖြစ်ပါသည်။ (သို့သော် ကျင်းပချိန် ၂ နာရီ ကြာမြင့်မှာ ဖြစ်ပြီး မနက် ၈ နာရီမှ ၁၂ အတွင်းတွင်သာ ဖြစ်ပါမည်။)
လက်မှတ်တစ်စောင်လျှင် စတာလင် ပေါင် (၁၀) သတ်မှတ်ပြီး ... အမှန်တကယ် တတ်ရောက်သူများသာ ဝယ်ယူစေလိုပါသည်။ လက်မှတ်ဝယ်ပြီး မလာနိုင်လျှင် ခန်းမတွင် နေရာလပ်ဖြစ်နေပြီး .. အမှန်တကယ် တတ်ရောက်လိုသူတစ်ယောက်အတွက် အခွင့်အရေး လျော့နည်းသွားမည်ကို မဖြစ်စေလိုသောကြောင့် ဖြစ်ပါသည်။ လက်မှတ် အရေအတွက်မှာ ကန့်သတ်မှုရှိသောကြောင့် ဦးရာလူစနစ်ဖြင့် ... စာရင်းပေး ရယူနိုင်ပါသည်။ ယခု ရောင်းချမည့် လက်မှတ်များမှာ မြန်မာနိုင်ငံသားများအတွက် ဦးစားပေးရောင်းချမှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ လူမျိုးများ၏ မိသားစုဝင်ဖြစ်သော Non-Burmese မှလွဲ၍ .. အခြား မြန်မာမဟုတ်သည့် သူ (Non-Burmese) များသည် Royal Festival Hall တွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်း မိမိနှင့် နီးစပ်သော စိတ်ဝင်စားသည့် သူများကို သတင်းပါးနိုင်ပါသည်။
လက်မှတ်ဝယ်ယူလိုသူများသည် မိမိတို့၏ နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ် လိပ်စာ (၃)မျိုးဖြင့်... လက်မှတ်ဖိုး ပေးချေကာ .. မိမိတို့နှင့် နီးစပ်ရာ အဖွဲ့အစည်းများနှင့် dassklondonevent@gmail.com သို့ စာရင်းပေးဝယ်ယူနိုင်ပါသည်။ (ငွေပေးချေရေးအတွက် မိမိစာရင်းပေးထားသော အဖွဲ့တွင်၎င်း၊ dassklondonevent@gmail.com တွင်လည်းကောင်း မေးမြန်း ပေးချေနိုင်ပါသည်။)
ကလေးငယ်များအား ခန်းမသို့ ခေါ်ဆောင်လာမည့် မိဘများအတွက် .. သေချာ စဉ်းစား ဆုံးဖြတ်စေလိုပါသည်။ မိမိ၏ ကလေးများ ဆော့ကစားခြင်း၊ ငိုခြင်း၊ အခြားသူများအား အနှောက်အယှက် ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် .. အထက်ပါ အနှောက်အယှက် ဖြစ်စေနိုင်မှုများကို တာဝန်ယူစေလိုပါသည်။ အသက် ၅ နှစ်အောက် ကလေးငယ်များ ခေါ်ဆောင်လာမည့် မိဘများ အနေဖြင့် dassklondonevent@gmail.com သို့သာ ဆက်သွယ် ဝယ်ယူရမည် ဖြစ်ပါသည်။
စည်းကမ်းချက်များ ...
အခမ်းအနားတတ်ရောက်သူများအားလုံး ရိုးရာဝတ်စုံများဖြင့်ဝတ်ဆင်ကာ မိမိတို့ နိုင်ငံ၏ ဂုဏ်ဆောင်မည့် ပွဲအဖြစ် .. မှတ်ယူ ဝတ်ဆင်စေလိုပါသည်။ အကယ်၍ ရိုးရာ ဝတ်စုံ မရှိသူများ အနေဖြင့် အခမ်းအနား ဝတ်စုံပြည့်ဖြင့် ဝတ်ဆင်တက်ရောက် ရမည်ဖြစ်ပါသည်။
ကင်မရာများ ယူဆောင်ခွင့်ရှိသော်လည်း Flash မဖွင့်ဘဲ မိမိ ထိုင်ခုံနေရာမှသာ ဓါတ်ပုံ၊ ဗွီဒီယို ရိုက်နိုင်ပါသည်။
အခမ်းအနား မ "စ" ခင် နာရီဝက်ခန့်စော၍ ခန်းမသို့ ရောက်ရှိစေလိုပါသည်။ သို့မှသာ အခမ်းအနား စတင်ချိန်တွင် အကုန်လုံး နေရာယူပြီး ပွဲစတင်နိုင်မှာဖြစ်ပါသည်။ (အခမ်းအနားအား အချိန်အတိအကျဖြင့် ကျင်းပသွားမှာ ဖြစ်ပါသည်။)
မေးခွန်းများ ...
အခမ်းအနားနှင့် သက်ဆိုင်သော မေးခွန်းများရှိလျှင် ဤနေရာတွင် လွတ်လပ်စွာ မေးမြန်းနိုင်ပြီး .. ဤနေရာမှ ကြေငြာသည့် သတင်းများသည်သာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံပွဲ အခမ်းအနားသတင်း အမှန်ဖြစ်ပါသည်။
(အခမ်းအနား ဖြစ်မြောက်ရေး အဖွဲ့ - လန်ဒန်)

ဘကြီးသက်
Unknown at 7:34 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.