
အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ နေပြည်တော်နှင့် တပ်ကုန်းအကြားနှင့် မူဆယ်နှင့် ကွတ်ခိုင်မြို့အကြား ဧက ၅၀၀ စီအကျယ်အ၀န်းရှိ စက်မှုဇုန်တခုဖေါ်ဆောင်မည်ဟု နေပြည်တော်ကောင်စီ၏ ယနေ့ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
ယင်းစက်မှုဇုန်မှာ ပြည်တွင်းလုပ်ငန်းရှင်များကို အတွက်ရည်ရွယ်ထားကာ လုပ်ငန်းအမျိုးအစား သတ်မှတ်ချက် မရှိပဲ လုပ်ငန်းတခုချင်း အကျယ်အ၀န်း ကန့်သတ်ချက်လည်း လောလောဆယ် မရှိကြောင်း စက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက YPI သို့ပြောသည်။
ပတ်ဝန်းကျင်ကို မထိခိုက်စေသော လုပ်ငန်းများ ဖြစ်ပါက နေပြည်တော်နှင့်ရှမ်းပြည်နယ်အတွင်း စက်မှုဇုန်များတည်ထောင်ရာတွင် လျှောက်ထားနိုင်ကြောင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဒုညွှန်မှူး ဒေါ်အေးအေးဝင်းကပြောသည်။
"ရန်ကုန်စက်မှုဇုန်လိုပါပဲ။ ဘယ်လုပ်ငန်းရယ်လို့ ကန့်သတ်မထားဘူး။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘူးဆိုရင် လျှောက်လို့ရတယ်" ဟု ၎င်းကဆိုသည်။
ယင်းစက်မှုဇုန်များတွင် လုပ်ကိုင်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ရက်အကန့်အသတ်မရှိ ဟု သိရသည်။
လျှောက်ထားလိုသူများသည် လုပ်ငန်းရှင်အသစ်ဖြစ်ပါက လုပ်ကိုင်လိုသည့် လုပ်ငန်းအမျိုးအမည်၊ မြေအကျယ်အ၀န်းတို့ကို တင်ပြရမည်ဖြစ်သည်။ လုပ်ငန်းလုပ်ကိုင်နေသူများဖြစ်ပါက လုပ်ငန်းမှတ်ပုံတင်ကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ပြီး ယင်းလျှောက်လွှာများကို စိစစ်ခွင့်ပြုသွားမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးက ယင်းသို့စက်မှုဇုန်အသစ်များ တည်ထောင်ရာတွင် ဈေးကွက်ရရေးသည် အဓိကဖြစ်သောကြောင့် တရုတ်နိုင်ငံ ယူနန်နယ်ရှိ အထည်ချုပ်လုပ်ငန်းများနှင့် ချိတ်ဆက်နိုင်လျှင် ယခုတည်ထောင်မည့် စက်မှုဇုန်များတွင် လုပ်ကိုင်ရန် ဖြစ်နိုင်ခြေရှိကြောင်း ပြောသည်။
"ပုံစံကတော့မတူဘူးပေါ့။ ဒီမှာက ဆိပ်ကမ်းဖက်က သွားပေမယ့် အဲဒီနေရာတွေကျတော့ နယ်စပ်ဘက်ကနေပဲ သွားရမယ်။ ဈေးကွက်သာရှိရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်"ဟုဦးမြင့်စိုးက ပြောသည်။
ယမန်နှစ်ကုန်ပိုင်းအထိ စာရင်းများအရ မြန်မာနိုင်ငံတွင် စက်မှုဇုန်စုစုပေါင်း ၂၄ ဇုန်ရှိသည်။ ။
Yangon Press International
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge