Thursday, May 31, 2012

ကဲ...လူကြီးမင်းတို့ပဲ ဖြေဆိုပြကြပါဦး




၁၉၈၈ ခုနှစ်မှာ အပြစ်မဲ့တဲ့ ရဟန်းရှင်လူ ပြည်သူပြည်သား ကျောင်းသားလူငယ် အလုပ်သမား လယ်သမားတွေကို ပစ်ခတ်သတ်ဖြတ်ပြီး အာဏာသိမ်းယူလာခဲ့တဲ့ စစ်တပ်ကို ကြောက်ရွံလို့ လူတဦးတယောက်ဟာ သူ့ရဲ့ အသက်အန္ထာရာယ်နဲ့ သူ့ဘဝ လုံခြုံရေးကို ထိပါးလာမှာ စိုးရိမ်မိတာကြောင့် တိုင်းပြည်ကနေ တခြားနိုင်ငံကို ထွက်ခွာသွားခဲ့တဲ့ သူတယောက်ရဲ့ ဘဝကို လူကြီးမင်းတို့က ယခု အချိန်မှာ ဘယ်လို သဘောထားပါသလဲ..

ရိုးရိုးလေးပြောရရင်တော့ "အသက်လုံခြုံရေးအတွက် အန္တာရယ်ရှိလို့၊ မတရား ဖမ်းဆီးနှိပ်စက် ညှင်းပန်းခံရမယ့် ဘေးရန်ကနေ ကင်းဝေးစေဖို့ တိုင်းပြည်ကနေ တခြားနိုင်ငံတွေကို တိမ်းရှောင်ထွက်ခွာသွားခဲ့ရတဲ့ သူတွေအပေါ်မှာ လူကြီးမင်းတို့ ဘယ်လို သဘောထားပါသလဲ" ဆိုတဲ့ မေးခွန်းပါပဲ ဒီမေးခွန်းကို အခုလောလောဆယ် မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ အစိုးရလူကြီးမင်းတွေအားလုံး၊ အတိုက်အခံနိုင်ငံရေးသမားတွေ အပါအဝင် လွှတ်တော်ထဲမှာ ထိုင်နေတဲ့ လူကြီးမင်းတွေအားလုံးက ဖြေဆိုဖို့နဲ့ မြန်မာပြည်က သတင်းထောက်တွေ အားလုံးကလည်း အဲဒီ့ မေးခွန်းကို ကြုံတဲ့ နေရာမှာ ကြုံတဲ့ အစိုးရ လူကြီးမင်းများ လွတ်တော်ထဲက လူကြီးမင်းများကို မေးမြန်းဖို့ မေးခွန်းပဲ ဖြစ်ပါတယ်။

လူသားတယောက်ရဲ့ ဘဝလုံခြုံရေး ရှု့ထောင့်ကပဲ ကြည့်ပြီးတော့ ဖြစ်သင့်တာကို ပြောဆိုရမယ်ဆိုရင်ဖြင့် ညှင်းပန်းနှိပ်စက်ခံရမှု ဒါဏ်မှ ကင်းဝေးအောင် သူ့ဘဝလုံခြုံရေးအတွက် တိုင်းပြည်ကနေ ထွက်ခွာသွားခဲ့ရတဲ့ သူတွေကို အခု မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ အစိုးရက ယခင်စစ်အစိုးရနဲ့ မတူတော့ပါဖူး ဆိုတာကို ပြသဖို့ လုပ်ရပ်တခု အနေနဲ့ ယခင်စစ်အစိုးရရဲ့ ဖိနှိပ်မှု့ကို ကြောက်လို့ တိုင်းပြည်ကနေ ထွက်ခွာသွားခဲ့ရတဲ့ သူတွေ အားလုံးကို ယခု အစိုးရကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး တိုင်းပြည်ကို ပြန်လာခွင့် ပေးဖို့ပဲ ဖြစ်ပါတယ်။

စစ်အစိုးရဆိုတာ မရှိတော့ဖူးလို့သာ ပြောနေကြပေမယ့် အဲဒီ့ ယခင် စစ်အစိုးရထဲက စစ်သားတွေဟာ ဒီကနေ့လွှတ်တော်ထဲမှာ ထိုင်နေကြတုန်း ရှိပါသေးတယ် သူတို့ကိုလည်း သတင်းထောက်တွေက ကြုံရင် ကြုံသလို ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ လိုပါလိမ့်မယ်။ အရပ်သားအစိုးရပါလို့ ပြောနေတဲ့ ယခုအစိုးရက လူကြီးမင်းတွေကလည်း ယခင်စစ်အစိုးရ ရေးဆွဲထားခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကြီးကို ကိုင်စွဲပြီး ၂၀၁၀ မှာ အစိုးရဖြစ်လာခဲ့သူတွေပါပဲ အနာဂတ်မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုတဲ့ ဆန္ဒအမှန်ရှိတယ်ဆိုရင်တော့ ယခု အစိုးရအဖွဲ့ကနေပြီး ပြည်တွင်းမှာ ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး စာချုပ်တွေ လက်မှတ်ရေးထိုးသလိုမျိုး ပြည်ပမှာ ရောက်ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ငြိမ်းချမ်းရေး စာချုပ်တွေ လက်မှတ်ရေးထိုးသင့်ပါတယ်။ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်ဖွားတွေ အားလုံးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်သင့်လှပါတယ် ဒါမှသာ ပြည်တွင်း ပြည်ပမှာ တိုင်းပြည်အတွက် ရန်နည်းမယ် အတိုက်အခံဆိုတာ နိုင်ငံရေးလမ်းကြောင်းပေါ်မှာပဲ ရှိမယ် နိုင်ငံရေးကို လွတ်တော်ထဲမှာပဲ ဆွေးနွေးလို့ ရမယ်လို့ အမှန်တကယ် ပြောလို့ ရမှာ ဖြစ်ပါတယ်။ အဲဒီ့လိုမှ မဟုတ်ရင်တော့ လွှတ်တော်ထဲမှာ အစိုးရနဲ့ အတိုက်အခံပါတီက ဆွေးနွေးနေကြပေမဲ့ ပြည်တွင်းမှာ စစ်ပွဲတွေက ဖြစ်မြဲ ဖြစ်နေမှာ ဖြစ်ပြီး ပြည်ပမှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လက် ဖြစ်ပေါ်နေမှာကြောင့် တိုင်းပြည်ဟာ အမှန် ငြိမ်းချမ်းလာမှာ မဟုတ်ပဲ နေမှာ ဖြစ်ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ မြေပေါ် မြေအောက် ပြည်တွင်းပြည်ပ အင်အားစု အားလုံးနဲ့ ယခု အစိုးရဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင် သင့်လှပါတယ်။

လူကြီးမင်းတို့ပဲ ဖြေဆိုပြကြပါဦး နိုင်ငံရေး ယုံကြည်ချက်ကြောင့် တိုင်းပြည်ကနေ ထွက်ခွာသွားခဲ့ရတဲ့ အင်အားစုတွေကို အစိုးရက စနစ်တကျ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုသင့်ပါသလား၊ ပါးစပ်ကပဲ ပြန်လာပါလို့ ခေါ်နေမယ့်အစား စနစ်တကျ ကော်မရှင်တရပ်ကို ဖွဲ့စဉ်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းတွေကို အမှန်တကယ် ထိရောက်အောင်မြင်အောင် လုပ်ကိုင်နိုင်ဖို့ အမြန်စီစဉ်သင့်ပါသလား၊ အထူးသဖြင့် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ညှင်းပန်းနှိပ်စက် ဖမ်းဆီးထောင်ချခံရမယ့် ဘေးရန်ကနေ လွတ်မြောက်ဖို့ ထွက်ခွာသွားခဲ့ ကြတဲ့ သူတွေကိုရော လူကြီးမင်းတို့ ဘယ်လို ပြန်လည် လက်ခံခေါ်ယူဖို့ စီစဉ်ထားပါသလဲ ဆိုတဲ့ မေးခွန်းများပဲ ဖြစ်ပါတယ်။

အင်္ဂါစိုး
Unknown at 5:48 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.