Thursday, May 24, 2012

 တိုင်းရင်းသားအားလုံးပါဝင်သည့် အစည်းအဝေးကြီးတစ်ရပ်ကို ကျင်းပရန်ရှိကြောင်းနှင့် တိုင်းရင်းသားများ တောင်းဆိုချက်များကို ပေးနိုင်အောင် ကြိုးစားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား


ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့အား မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
တိုင်းရင်းသားများအားလုံး ပါဝင်သည့် အစည်းအဝေးကြီးတစ်ရပ်ကို ကျင်းပရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ပါသည်။
ယင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး၌ သတင်းထောက်တစ်ဦးက ''အခုကျင်းပတဲ့အဆင့်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌအနေနဲ့ စတင်တာဝန်ယူပြီး ထမ်းဆောင်တဲ့ ပထမဆွေးနွေးပွဲ ညှိနှိုင်းပွဲဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ အောင်မြင်သွားမယ်လို့ ကြိုတင်မျှော်မှန်းချက် ရှိပါသလား။ ဒီအဆင့်ပြီးသွားရင် နောက်ထပ် ဘာအဆင့်တွေများ ကျန်ပါသေးသလဲ''ဟု မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို မေလ ၃ ရက်နေ့က စဖွဲ့ပါတယ်။ ဒါလည်းသတင်းစာမှာ ကြေညာထားပြီးဖြစ်ပါတယ်။ ဒီအဖွဲ့ကလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ ဟိုအရင်တုန်းက ကျွန်တော်တို့ လုပ်ခဲ့တယ်ဆိုတာဟာ အဖွဲ့သေးသေးလေးတွေနဲ့ မနိုင်ဝန်ကိုထမ်းဆောင်ပြီးမှ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ ဒါနဲ့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအားလုံးဟာ မမျှော်လင့်ဘဲနဲ့ တောက်လျှောက်အောင်မြင်လာတဲ့အခါမှာ လုပ်ငန်းတွေ အများကြီး ကျယ်ပြန့်လာပါတယ်။ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းတွေလည်း အများကြီးကျန်ပါတယ်။ အဲဒါကြောင့်မို့ လုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ အားလုံး ၅၂ ယောက် ပါပါတယ်။ ၅၂ ယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် လာမယ့်ကာလတွေမှာ လုပ်မယ့်ကိစ္စအားလုံးကို နိုင်နိုင်နင်းနင်း ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော်တို့ တွက်ပါတယ်။ အဲဒီတော့ ဘာအဆင့်တွေ ဆက်လုပ်မလဲဆိုရင် အခု အပစ်အခတ် ရပ်စဲရေး လုပ်ပြီးပါပြီ။ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့အခါမှာ နောက်တစ်ဆင့် ဒုတိယအဆင့် တက်ပါမယ်။  ဒုတိယအဆင့်မှာတော့ Development, Settlement, Rehabilitation,Political Dialogue ဆိုတဲ့ အဆင့်တွေ ပါပါတယ်။ ကျွန်တော်တို့ တစ်ဆင့်ပြီး တစ်ဆင့် ဒါတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒါတွေက မလုပ်လို့ မရပါဘူး။ ဒါတွေက နှစ် ၆၀ အတွင်းမှာ တောက်လျှောက်ပါတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့လုပ်ပြီးတဲ့အခါမှာ အားလုံးပြီးတဲ့အခါမှာ တတိယအဆင့်အနေနဲ့က တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ အစည်းအဝေးကြီးတစ်ရပ်ကို ကျွန်တော်တို့ကနေပြီးတော့မှ ကျင်းပမယ်။ တိုင်းရင်းသားတွေအားလုံး တောင်းဆိုချက်တွေကို ကျွန်တော်တို့ပေးနိုင်အောင် ကြိုးစားမယ်။ မပေးနိုင်တဲ့အချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခွင့်မပြုတဲ့ အချက်ပဲဖြစ်မယ်။ အဲဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်တာ ပြည်သူ့လွှတ်တော်ပဲ ပြင်လို့ရတယ်။ ဒါကြောင့်မို့ နေပြည်တော်မှာ ဒီတိုင်းရင်းသား အစည်းအဝေးကြီး ကျင်းပပြီးတော့မှ ကျွန်တော်တို့ ပြင်ချင်တဲ့အချက်တွေအားလုံးကို ဒီဘက်စားပွဲကနေ ဟိုဘက်စားပွဲကို ပို့မယ်။ ဟိုဘက်စားပွဲ ပြင်မယ်။ ပြီးတော့မှ ဒါတွေအားလုံးကို တိုင်းရင်းသားတွေအားလုံးရဲ့ တောင်းဆိုချက်အားလုံး ရသွားပြီဆိုရင် တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ သဘောတူညီချက်ကြီးတစ်ရပ်ကို  ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့လုပ်မယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကို ဆောင်ရွက်နေတဲ့ အချိန်ကာလပဲ ဖြစ်တယ်ဆိုတာလေးကို တင်ပြအပ်ပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ သဘောတူညီချက်ကြီးတစ်ရပ်ကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့လုပ်မယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။
အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် နံနက် ၉ နာရီမှ စတင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ည ၈ နာရီခွဲနောက်ပိုင်းတွင်မှ ပြီးဆုံးကာ ပြီးဆုံးပြီးချိန်၌ တာဝန်ရှိသူများက ပွဲ၏ပြင်ပ၌ မီဒီယာများနှင့် တွေ့ဆုံရာတွင် ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။ဟိန်းမင်းလတ်
Unknown at 9:21 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.