
လေကြောင်း၊ ရထားပို့ဆောင်ရေး လုပ်ငန်းများကဲ့သို့ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရန် စီစဉ်ထားကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဦးစိုးသိန်းက ဧပြီလ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။ လုပ်ကိုင်ခွင့်ပြုရာတွင် အစိုးရနှင့် ပုဂ္ဂလိက အကျိုးတူလုပ်ကိုင်ရမည့် Joint Venture ပုံစံမျိုးဖြင့် ခွင့်ပြုမည်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံတော်မှ စီမံနေသည့် လုပ်ငန်းများကို ပုဂ္ဂလိကသို့သာ အဓိကလွှဲပြောင်းကာ ပုဂ္ဂလိကကဏ္ဍ တိုးတက်စေရန် တွန်းအားပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထိုသို့ လုပ်ကိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အများပိုင်ကုမ္ပဏီများ ဖွဲ့၍လည်း နိုင်ငံတော်မှ တာဝန်ယူစီမံနေသည့် မည်သည့်လုပ်ငန်းတွင် မြှုပ်နှံလိုကြောင်း လျှောက်ထားကာ ရယူလုပ်ကိုင်နိုင်ကြောင်းလည်း ဦးစိုးသိန်းက ထပ်မံပြောကြားခဲ့ပါသည်။ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲ၌ ''ကျွန်တော်တို့က ပုဂ္ဂလိကကဏ္ဍကို ပိုပြီးတိုးတက်စေချင်တယ်။ အဲဒီအတွက် အများပိုင်ကုမ္ပဏီတွေ လည်း ဖွဲ့ကြပါ။ ပြီးရင် ရှယ်ယာတွေ ရောင်းဝယ်လုပ်ကြပါ။ နိုင်ငံတော်က စီမံနေတဲ့ ဥပမာ ရထား၊ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းတွေလို လုပ်ငန်းတွေကို ပုဂ္ဂလိကကို လွှဲပေးချင်တယ်။ လွှဲပေးဖို့လည်း စီစဉ်ထားတယ်။ ပုဂ္ဂလိကကဏ္ဍ တိုးတက်ဖို့ကို တွန်းအားပေးနေတယ်။ လုပ်တဲ့အခါမှာ နိုင်ငံတော်နဲ့ ပုဂ္ဂလိက Joint Venture (JV) စနစ်နဲ့လုပ်ဖို့ကို တွန်းအားပေးထားတယ်။ ပုဂ္ဂလိကအနေနဲ့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းကို တင်ပြပြီးလုပ်ကြပါ။ ကျွန်တော်တို့ကတော့ နိုင်ငံတော်အတွက် အကျိုးရှိမယ့် ဘယ်လုပ်ငန်းမဆို သတ်မှတ်ချက်နဲ့ညီရင် ခွင့်ပြုပေးသွားမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုရင်လည်း ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဥပမာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘူး၊ ပြည်သူကို မထိခိုက်ဘူး။ အဲဒီအချက်တွေနဲ့ညီတဲ့ လုပ်ငန်းတွေကို ရွေးချယ်ခွင့်ပြုမယ်။ ခွင့်ပြုတဲ့အခါ နိုင်ငံအတွက် အမှန်တကယ် အကျိုးရှိတဲ့လုပ်ငန်း၊ ဒီလို မြှုပ်နှံမှုမျိုးလုပ်မယ့် ကုမ္ပဏီဆိုလည်း The Best Company တွေကိုပဲ ရွေးချယ် ခွင့်ပြုပေးမှာ'' ဟု ပြောကြားခဲ့သည်။
Myanmar Express



0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge