မြန်မာခေါင်းဆောင်တစ်ဦး၏ နှစ်ပေါင်း ၂၈ နှစ်အတွင်း ပထမဆုံးဂျပန်ခရီးစဉ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဂျပန်-မဲခေါင်ထိပ်သီး အစည်းအဝေးကိုလည်း တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ဧပြီလ ၁၉ ရက်နေ့က ထွက်ခွာသွားခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ ဧပြီလ ၂၀ ရက်နေ့တွင်ရောက်ရှိခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များနှင့် ဧပြီလ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေပါကြောင်း၊ ထို့အတူအထူး စီးပွားရေးဇုန်များလည်း တည်ထောင်နေပါကြောင်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်များအတွင်း ဂျပန်ကုမ္ပဏီများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ စည်းမျဉ်းစည်းကမ်းများ၏ အားနည်းချက်များရှိနေခြင်း၊ အခြေခံအဆောက်အအုံများ ပြည့်စုံလုံလောက်မှုမရှိခြင်း၊ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု များများစားစား မရှိခဲ့ပေ။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း Tokyo Stock Exchange and Daiwa Securities Group က ၂၀၁၅ ခုနှစ် အရောက်တွင် စတော့ဈေးကွက်တစ်ခု တည်ထောင်ရာတွင် ကူညီရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သဘောတူညီမှုရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ ထို့ပြင် အိုင်တီကုမ္ပဏီ NTT Data Corp ကလည်းမြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။
၁၉၈၉ ခုနှစ်ကတည်းက စတင်ပြီး မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာသန်း ၂၀၀ ကျော်သာ ရှိကြောင်းလည်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda နှင့် ဧပြီလ ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် ဂျပန်နိုင်ငံသည် မြန်မာ့ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၂ ဘီလျံကို လျော့ပေါ့ပေးပြီး ရပ်တန့်ထားသည့် ဖွံ့ဖြိုးရေး အကူအညီပေးရေး အစီအစဉ်အား ပြန်လည်စတင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်အတွက် ဂျပန်နိုင်ငံအနေဖြင့် အဆိုပါကြိုးပမ်း အားထုတ်မှုများ၏ တိုးတက်မှုများကို လေ့လာစောင့်ကြည့်နေစဉ်အတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး အားထုတ်မှုကို တစ်နှစ်ကြာ လေ့လာပြီးနောက် ဂျပန်နိုင်ငံကို ပေးဆပ်ရန်ကျန်ရှိသည့် ကြွေးမြီအချို့ကိုလည်း လျော့ပေါ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ ရန်ကုန်မြို့တောင်ဘက် ၂၅ ကီလို မီတာအကွာရှိ သီလ၀ါဆိပ်ကမ်းနှင့် စက်မှုဇုန်ထူထောင်ရန် ဖြစ်နိုင်ခြေရှိ၊ မရှိလေ့လာမှုကို အပြီးသတ်ရန် သဘောတူညီခဲ့ပြီး အဆိုပါစက်မှုဇုန်က ဂျပန်ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ပြီး မြန်မာ့စီးပွားရေးတိုးတက်မှုကို ကူညီရာရောက်လိမ့်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda တို့ မတွေ့ဆုံမီ သတင်းထောက်များသို့ ဖြန့်ချိသည့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဧပြီ လ ၂၁ရက်နေ့က ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးပြီးနောက် ဂျပန်နိုင်ငံက မဲခေါင်ဒေသငါးနိုင်ငံ၏ မြန်နှုန်းမြင့်ရထားလမ်း၊ ဆိပ်ကမ်းနှင့် ရေပေးဝေရေးစီမံကိန်းများ အပါအ၀င် အခြေခံအဆောက်အအုံများ တိုးတက်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ၂၀၁၃ ခုနှစ် ဧပြီလမှ လာမည့်သုံးနှစ်အတွင်း တရားဝင်ဖွံ့ဖြိုးရေးအကူအညီ ယန်းဘီလျံ ၆၀၀ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ဘီလျံ)ကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ကကြေညာခဲ့သည်။ ထို့ပြင် မဲခေါင်ဒေသငါးနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂၈ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသည့် ဆိပ်ကမ်းများ၊ အဝေးပြေးလမ်းမများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ မြန်နှုန်းမြင့်ရထားလမ်းများ တည်ဆောက်အကောင် အထည်ဖော်ရန် စီစဉ်ထားသည့် အခြေခံအဆောက်အအုံစီမံကိန်း ၅၇ ခု စာရင်းကိုလည်း ဂျပန်နိုင်ငံက ထုတ်ဖော်ပြသခဲ့သည်။
မဲခေါင်ဒေသငါးနိုင်ငံမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြစ်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၀၉ ခုနှစ်က ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးကိုလည်း မြန်မာနိုင်ငံဝန်ကြီးချုပ်အဖြစ် တက်ရောက်ခဲ့ဖူးသည်။
Ref: Agencies

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge