Wednesday, April 25, 2012

 မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြောကြား


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန် မြန်မာနိုင်ငံသို့ သွားရောက်မည့်အကြောင်း ပြောကြားနေစဉ်
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကုလသမဂ္ဂဌာနချုပ်တွင် ဧပြီလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် မြန်မာနိုင်ငံသို့ မကြာမီ သွားရောက်မည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။

''မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ရန်အတွက် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်ကို လက်ခံလိုက်ပါပြီ။ အခုသီတင်းပတ်ကုန်မှာ မြန်မာနိုင်ငံကို သွားပါမယ်''ဟု ဘန်ကီမွန်က သတင်းထောက်များအား ကုလသမဂ္ဂ ဌာနချုပ်တွင် ပြောကြားခဲ့သည်။

''ယခုခရီးစဉ်မှာ ကျွန်တော့်အနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောနိုင်ဖို့ မျှော်လင့်နေပါတယ်''ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အကူးအပြောင်းသည် အရေးကြီးသည့်အချိန် ကာလသို့ ရောက်ရှိနေပါကြောင်းနှင့် ယခုအချိန်သည် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် မြန်မာနိုင်ငံဘက်တွင် အတူရပ်တည်ရမည့် အချိန်ဖြစ်ပါကြောင်း . . .
အတွင်းရေးမှူးချုပ် ဘန်ကီမွန်က သူ၏မြန်မာမိတ်ဆွေများအုပ်စု အစည်းအဝေးသို့ တက်ရောက်ဆွေး နွေးပြီးနောက် ၎င်း၏မြန်မာနိုင်ငံခရီး စဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံသို့ လာမည့် ဧပြီလ ၂၉ ရက်နေ့တွင် ရောက်ရှိမည်ဟု မျှော်မှန်းထားပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေး နွေးရန်စီစဉ်ထားကြောင်း သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုမှာ ပထမဆုံးအကြိမ် ဖြစ်လာမည်ဖြစ်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် စနစ်ကျစွာ ကျင်းပ ပြုလုပ်နိုင်ခဲ့သည့်အတွက် မြန်မာအစိုးရနှင့် မြန်မာပြည်သူများကို ချီးကျူးဂုဏ်ပြုပါကြောင်း ဧပြီလ ၂ ရက် နေ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့ပြီးနောက် မြန်မာသမ္မတ ဦးသိန်းစိန်၏ သတ္တိနှင့်ပတ်သက်၍လည်း ချီးကျူးပြောကြားခဲ့သည်။

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ၏ အရေးကြီးသော အောင်မြင်မှုများအပေါ် တည်ဆောက်ကာ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာအစိုးရနှင့် နိုင်ငံရေးအင်အားစုများအားလုံးကို ၎င်းက တိုက်တွန်းခဲ့သည်။
ဘန်ကီမွန်က မြန်မာနိုင်ငံ၏ အကူးအပြောင်းသည် အရေးကြီးသည့် အချိန်ကာလသို့ ရောက်ရှိနေပါကြောင်းနှင့် ယခုအချိန်သည် နိုင်ငံတကာအသိုင်းအ၀ိုင်းအတွက် မြန်မာနိုင်ငံဘက်တွင် အတူရပ်တည်ရမည့် အချိန်ဖြစ်ပါကြောင်းလည်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ဆိုင်းငံ့မှု အပါအ၀င် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက အရေးယူပိတ်ဆို့မှုများကို စတင် ဖြေလျော့ပေးလာမှုများကို ကြိုဆိုပါကြောင်းလည်း ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ယခုလာရောက်မည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ မြန်မာနိုင်ငံခရီးစဉ်သည် ၎င်းအတွက် တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာမည်ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် မေလနှင့် ၂၀၀၉ ခုနှစ် ဇူလိုင်လများတွင် လာရောက်ခဲ့ဖူးသည်။     
Ref: News Agencies
Unknown at 6:16 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.