Saturday, April 28, 2012

ခွပ်ဒေါင်းတို့ ပျံလေပြီ


ဦးဖြိုးဇေယျာသော်၊ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်းနှင့်ဦးလင်းလင်း တို့လေးဦးကို မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်
ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ နံနက် ၉း၃ဝ နာရီ တွင် မင်္ဂလာဒုံလေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားခဲ့ပါတယ်။
သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ် (University of Sydney’s Graduate School of Government) မှာ ဧပြီလ ၃ဝ မှ မေလ ၄ ရက်နေ့အထိ ဒီ/ချုပ်ပါတီ ဝင်လေးဦးဟာ နိုင်ငံရေးနှင့် မူဝါဒရေးဆိုင်ရာ အကြံပေး သင်တန်းကို တက်ရောက် သင်ကြားလေ့လာမှာ ဖြစ်ပါတယ်။
““ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို ပြန်ရောက်ရောက်ချင်း ပုဗ္ဗသီရိမြို့နယ် ကို အမြန်ဆုံးပြန်လာမယ်လို့ ပုဗ္ဗသီရိက မဲဆန္ဒရှင် များကို ပြောခဲ့ပါရစေ”” လို့ ဦးဖြိုးဇေယျာသော်က မထွက်ခွါမီ မင်္ဂလာဒုံလေဆိပ်မှာ မြန်မာအင်ဒီပဲန်ဒင့်ကို ပြောကြားခဲ့ပါတယ်။  ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ပုဗ္ဗသီရိမြို့နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ဦးဖြိုးဇေယျာသော်ဟာ  ပုဗ္ဗသီရိကို လွမ်းဆွတ်နေပုံရပါတယ်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကတော့ ““ ဒီခရီးစဉ်ဟာ သြစတေးလျ လေဘာပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား ပထမဆုံး ဖိတ်ကြားခဲ့တဲ့ခရီးစဉ်ပါ””လို့ မြန်မာအင်ဒီပဲန်ဒင့်ကို မင်္ဂလာဒုံလေဆိပ်မှာ ပြောကြားခဲ့တာပါ။
ပြည်ပသို့ ထွက်ခွါမယ့်သူများရော ပို့ဆောင်သူများပါ ပြည့်နက်နေတဲ့ မင်္ဂလာဒုံလေဆိပ် ထွက်ခွါခန်းမအတွင်းမှာ  ဦးဋ္ဌေးကြွယ်ရဲ့ညီမဖြစ်သူ ဒေါ်ခင်မိမိကြွယ်ကိုလည်း သူ့ရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်း အနီးမှာ တွေ့ခဲ့ရပါတယ်။ ““ဒီခရီးစဉ်ဟာ ပါတီချင်း ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်””လို့  ဦးဖြိုးမင်းသိန်း က သတင်းထောက်များကို ပြောကြားခဲ့တာပါ။ ပါတီ နှစ်ခုကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီးလည်း ဦးဖြိုးဇေယျာသော်က ““အခုချိန်မှာ ပါတီနှစ်ခုကြား ဆက်ဆံရေး ပိုမိုခိုင်မြဲနေပါတယ်၊ သင်တန်းတင်မက လေဘာဌာနချုပ် လေ့လာဖို့၊ ပါလီမန် အတွင်း လေ့လာဖို့တို့ ပါလာတော့ ပိုမိုခိုင်မြဲတဲ့သဘော ပိုဆောင်တယ်လို့ ယူဆပါတယ်””ဟု ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
၎င်းတို့ လေးဦးဟာ မြို့တော်ကင်ဘာရာသို့လည်း သွားရောက်မှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးကို အမြဲ ထောက်ခံခဲ့တဲ့ သြစတေးလျမှ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပါလီမန်အတွင်း တွေ့ဆုံခြင်း၊ ဝန်ကြီးအချို့နှင့် တွေ့ဆုံခြင်း၊ အစိုးရအဖွဲ့ စည်းဝေးပွဲများ နိုင်ငံတော်ဘဏ္ဍာ အရ အသုံးငွေစာရင်းဆိုင်ရာဆုံးဖြတ်ချက်ချတဲ့ ပါလီမန်အစည်းအဝေးတို့ကို လေ့လာခြင်းများပြုလုပ်မှာ ဖြစ်တဲ့အပြင် လေဘာပါတီဌာနချုပ်သို့လည်း သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ ပါသွားတဲ့ တေးရေး၊ တေးဆို လင်းလင်းမှာ မြန်မာ့ရော့ခ်ဂီတ စင်မြင့်မှာ အောင်မြင်စွာ နေရာယူထားနိုင်သူများထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးလှုပ်ရှားသူများထဲမှာ ထင်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဆံပင်ကို နောက်တွင် စည်းထားပြီး သပ်ရပ်သော ဝတ်စုံနှင့် လင်းလင်းမှာ တွေ့မြင်နေကြထက် ပိုမိုပြည့်စုံစွာ ရှိနေပြီး  မင်္ဂလာဒုံလေဆိပ်ဝင်းအတွင်းမှာ လူအများ၏အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ““ကျွန်တော် လူမှန်းသိစ ကတည်းက ပေါ်လာတဲ့ နိုင်ငံရေး အသိ၊ နိုင်ငံရေး စိတ်၊ နိုင်ငံရေး အမြင်နဲ့ပဲ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက်  ဂီတနဲ့ နိုင်ငံရေးကို တွဲပြီး လုပ်ပါ့မယ်”” လို့ သူရဲ့ အနာဂတ်ရွေးချယ်မှုအတွက် မေးခွန်းကို မြန်မာအင်ဒီပဲန်ဒင့်ကို ဖြေကြားခဲ့ပါတယ်။
ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီရေးအတွက် ခရီးကြမ်းလမ်းရှည်ကြီးကို ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ အရုဏ်ဦးရောင်ခြည်နဲ့အတူ နိုင်ငံတကာသို့ ခြေလှမ်းများ စတင်နေပြီဖြစ်ပါတယ်။ ဒီ/ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လာမယ့်ဇွန်လအတွင်းမှာ နော်ဝေးနှင့် ဗြိတိန်နိုင်ငံများကို အလည်အပတ်သွားရောက်ဖို့ ရှိပါတယ်။
၎င်းတို့ လေးဦးဟာ မြန်မာနိုင်ငံကို မေလ ၉  ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။


မြန်မာအင်ဒီပဲန်ဒင့်
Unknown at 10:40 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.