Thursday, April 5, 2012

အမှုထမ်းနှင့် နိုင်ငံလမ်းစဉ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်အရ အစိုးရသစ် တာဝန်ယူခဲ့တာ ယခုဆိုရင် တစ်နှစ်တာ ကာလကို ချည်းနင်း ဝင်ရောက်လျက် ရှိပြီဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာပြည်သူ ပြည်သားတွေဟာ စည်းကမ်းသေဝပ်စွာ ဒီမိုကရေစီ စံနှုန်းများကို ပြသနိုင်ခဲ့ကြပြီး ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံရဲ့ ဂုဏ်သတင်းကိုလည်း ပိုမိုမြှင့်တင် ပေးနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ယုံကြည်ရာကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရရှိခဲ့ကြပြီး မိမိတို့ မျှော်လင့်ထားတဲ့ ဒီမိုကရေစီ အခွင့်အရေးများကို ပြည့်ပြည့်ဝဝ အသုံးချခွင့် ရရှိခဲ့ကြတာကို ဝမ်းသာစွာတွေ့ ရှိခဲ့ရပါတယ်။ ဒီလိုအောင်မြင်မှု ပန်းတိုင်တွေကို ရရှိလာအောင် လျှောက်လှမ်းကြရာမှာ နိုင်ငံတော်မှ ချမှတ်ထားတဲ့ မူဝါဒတွေ လမ်းစဉ်တွေကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရတဲ့ နိုင်ငံဝန်ထမ်းများရဲ့ တာဝန် အခန်းကဏ္ဍလည်း တစ်ထောင့် တစ်နေရာကနေ မရှိမဖြစ် ပါဝင်ခဲ့ကြရပါတယ်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး တည်ဆောက်ရေး ပြုပြင်ပြောင်းလဲရေး နဲ့ ငြိမ်းချမ်းရး လုပ်ငန်း အဆင့်ဆင့်မှာ နိုင်ငံ့ဝန်ထမ်းများ အနေနဲ့ ပေးဆပ် အနစ်နာခံ ခဲ့ရတာတွေလည်း အများအပြားရှိခဲ့ပါတယ်။
နိုင်ငံတကာရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်တွေကနေ သင်ခန်းစာ ယူနိုင်ခဲ့ကြပြီး မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုတွေကို အညင်သာဆုံး ပြောင်းလဲသွားနိုင်ခဲ့ပြီး ခုချိန်မှာ တိုင်းရင်းသား အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များဆီသို့ အရောက်ခေါ်ဆောင်ကာ ညှိနိုင်းဆွေးနွေးမှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒ အလျောက် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပါတီ အဖွဲ့အစည်းများမှ ပြည်သူ့ ကိုယ်စားလှယ်လောင်းများ အနေနဲ့ လွှတ်တော်အတွင်းမှာ ပြည်သူတို့ကိုယ်စား ပြောဆိုဆွေးနွေးကာ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများမှာ တရားဥပဒေအတွင်း လွတ်တော်တွင်းက နေပြီး မိမိတို့ တက်အားသရွေ့ ပါဝင်ခွင့် ရရှိပြီဖြစ်ပါတယ်။ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်း အသီးသီး အနေနဲ့လည်း ဒီလို ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးသည်အထိ နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း အသီးသီးမှာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရင်း ပြည်သူအကျိုး နိုင်ငံအကျိုးကို မညည်းမညူ ထမ်းဆောင်ခဲ့ကြပါတယ်။
ပြည်သူ့ဝန်ထမ်း များဟာ ဒီလိုကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန်အထိ မိမိတို့ တာဝန်ယူထားကြရတဲ့ လက်ရှိတာဝန်များအပြင် ပြည်သူတွေ ယုံကြည်ရာကို လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး အတွက် ကျရာ ကဏ္ဍက တဖက်တစ်လမ်းက ပါဝင်ရင်း ဒီမိုကရေစီ တည်ဆောက်ရေး ပြုပြင်ရေး လုပ်ငန်းစဉ်တွေမှာ အားတက်သရော ပါဝင်ခဲ့ကြတာကို တွေ့နိုင်ပါတယ်။ ဒါအပြင် ဒီလိုနိုင်ငံ ဝန်ထမ်းများအနေနဲ့ နိုင်ငံနဲ့ ပြည်သူ့အတွက် တာဝန်ထမ်းဆောင်ရာမှာ ပါတီနိုင်ငံရေး ကင်းရှင်းစွာနဲ့ နိုင်ငံတာဝန်ကို အဂတိတရား မလိုက်စားဘဲ ပြည်သူ့မျက်နှာ တိုင်းပြည်မျက်နှာကိုသာ ကြည့်တက်ဖို့ အလွန်အရေးကြီးပါတယ်။ ဒီလို နိုင်ငံတာဝန်ကို ထမ်းဆောင်ပြီး နိုင်ငံ့လမ်းစဉ်ကို အကောင်အထည် ဖော်ကြရာမှာ ပြည်သူ့ဝန်ထမ်းများဟာ ပါတီစွဲ ဂိုဏ်းဂဏစွဲ မရှိ ဒီမိုကရေစီ အရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ခဲ့ကြကြောင်း ပြီးစီးခဲ့ပြီဖြစ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲရဲ့ ရလဒ်က သက်သေဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
မျိုးချစ်မောင်
Unknown at 8:56 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.