Sunday, April 22, 2012

‘လွှတ်တော်မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့် အချိန်ကို စောင့်နေတာပါ’ ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

72912
ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်း၌ ယနေ့ ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီ အထိ ပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများက လွှတ်တော်သို့သွားရောက်ခြင်းပြု၊မပြုကိစ္စနှင့် ပတ်သတ်၍ ဝိုင်းဝန်းမေးမြန်းနေကြစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ကို မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့်အချိန်ကို စောင့်နေတာပါ” ဟု ဧပြီလ ၂၂ ရက်နေ့က ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီ အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ကြားဖြတ် ရွေးကောက်ပွဲ၌ အနိုင်ရကိုယ်စားလှယ်များကို ပထမပိုင်းတွင် ဦးမျိုးရန်နိုင်သိမ်းက ပဋိပက္ခများကို ဖြေရှင်းခြင်းနည်းလမ်း၊ ဒုတိယပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ဦးအောင်ကြည်ညွန့်က အလုပ်သမားဥပဒေ၊ လယ်ယာဥပဒေ နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေသင်တန်းများကို ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအုန်းကြိုင်မှ “ လွှတ်တော်ထဲမှာ ပြဋ္ဌာန်းတဲ့ဥပဒေတွေ၊  မြေယာဥပဒေတို့၊ အလုပ်သမား သမဂ္ဂတို့၊ မြေလွတ် မြေရိုင်းဥပဒေ တို့နောက်  ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေ တွေကို ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို ကျွန်တော်တို့ထဲက ဥပဒေပညာ ရှင်တွေက သင်တန်းပို့ ချတာပါ။ လွှတ်တော်ကို ဒီနေ့ကတော့ သွားဖို့ အစီအစဉ်မရှိဘူး။ သင်တန်းလည်း ပြီးသွားပြီ။ ကိုယ့် အလုပ်တွေကို ကိုယ်လုပ်ပြီး ငွေကြေးကိစ္စတွေကို အပြီးသတ် လုပ်ထားဖို့နဲ့ အဲဒီငွေကြေးကိစ္စ တွေကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်တွေမှာ ကျမ်းကျိန်တာတွေ လုပ်ရမယ်” ဟု ပြောပါသည်။
ထို့နောက် ဦးအုန်းကြိုင်မှ လွှတ်တော်မတက်ခြင်းနှင့် ပတ်သက်၍ ပြည်သူများက စိုးရိမ်နေမှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို “ အဲဒါကတော့ ကျွန်တော်တို့ ဟိုနေ့က ပြောထားတဲ့ အတိုင်းပါပဲ။ ကျွန်တော် တို့ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ပေးဖို့ အကြံပြုချက် တင်ထားတယ်။ အဲဒီ အကြံပြုချက်တင်ထားတာကို ဟိုတစ်နေ့ကတော့ ဖွဲ့စည်းပုံဆိုင်ရာ ကော်မရှင်ရုံးက သူတို့ဘောင်ထဲမှာ မရှိဘူးတဲ့။ သူတို့လုပ်ရမှာ မဟုတ်ဘူးလို့ပြောတယ်။ အဲတော့ လုပ်ရမှာက ဘယ်သူလဲ။ အဲဒါကတော့ သူတို့ ဆက်ပြီးတော့ လက်တွဲပြီး တော့လုပ်ပေါ့။ ကျွန်တော်တို့ကတော့ အကြံပြုချက် တင်ထားပြီးပြီ။ လုပ်ခွင့်ရှိနိုင်တဲ့သူ၊ လုပ်နိုင်တဲ့သူ တွေက လုပ်နိုင်တဲ့အတိုင်း လုပ်သွား ပေါ့။ တကယ်တော့ ကျွန်တော် တစ်ယောက်တည်း သဘောပြောရရင် ဒီကိစ္စဟာ ပထမဖြစ်စဉ်ကိုက ကော်မရှင်ဥပဒေမှာ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ပါမယ်ဆိုတဲ့ စကားရပ်က ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီမကျလို့ မှတ်ပုံမတင်ခဲ့ဘူး။ ဦးသိန်းစိန်နဲ့ ကျွန်တော်တို့ဖက်က တွေ့ရာမှာ NLD ပါသင့်တယ်။ ကျွန် တော်တို့ကလည်း  လက်ခံပါတယ်။ ဒါပေမယ့် ဒီအချက်ကိုတော့ ပြုပြင်ပေးမှဖြစ်မယ်။ ဒါပြုပြင်ပေးမယ် ပြောလိုက်တယ်။ ပြောလိုက် ပြီးရင် ဒါက ဥပဒေပဲ။ တစ်အိမ်လုံး မီးလင်းပြီး မီးဖိုချောင်လေးကျမှ တစ်နေတာ ကျွန်တော်တို့ မပြောတတ်ဘူး။ လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ်ကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြီးရင် လွှတ်တော်ထဲ သွားမယ်။ လွှတ်တော် ထဲသွားတဲ့အခါ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ ပုဒ်မ ၁၂၅ အရ ဇယား (၄) ပါစာသား ကို ဥက္ကဌရှေ့မှာ ကျမ်းကျိန်ရမယ်။ ဒါလည်းကျွန်တော်တို့ မငြင်းပါဘူး။ ဖိတ်ကြားစာတွေ ရောက်ထားပြီးသား။ ဒါပေမယ့် အဲဒီနေရာမှာ သူတို့ သတိလစ်နေတဲ့ အချက်တစ်ခုက အဲဒီစာသားကတော့ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပါမယ် ဖြစ်နေတုန်းရှိသေးတယ်။ ဒါက ကျွန်တော်ခုနက ပြောသလို inline ပေါ်သွားရမယ်။ ဒီအဓိပ္ပါယ်အတိုင်း ဖြစ်သွားသင့်တယ်။ ဒါဟာ အခုထိတော့ မလုပ်ပေးဘူးလို့ ပြောတာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သူတို့လုပ်ရမယ့် အလုပ်မဟုတ်ဘူးတဲ့။ ဒါဖြင့်လွှတ်တော်က လုပ်ရမယ့် အလုပ်လား။ ဒါကတော့ ကျန်တဲ့ ဌာနတွေက ဆက်စဉ်းစားဖို့  လိုပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
EMG
Unknown at 7:12 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.