Monday, March 12, 2012

လက်တော့ပ်ကိုင်မည့် မျိုးဆက်သစ်များ

 
လက်တော့ပ်ကိုင်မည့် မျိုးဆက်သစ်များ “ပညာရေးနှင့်ပတ်သက်ပြန်တော့လည်း ကျွန်တော်နားမလည်။ မတတ်ကျွမ်း။ မ.ဆ.လခေတ်တွင် ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် ပညာရေးဆုံးရှုံးမှုများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ ပညာရေးအစမ်းသပ်ခံ လူသားတစ်ဦးဖြစ်ခဲ့ရသည်။ ပညာရေးနှင့်ပတ်သက်၍ နောက်ဆုံးနှစ်ရူပဗေဒနှင့် ကျောင်းထွက်ခဲ့သည်။ ဘွဲ့ထူးဂုဏ်ထူးများလည်းမရ။ အဂ္ဂမဟာဘွဲ့၊ သရေစည်သူဘွဲ့တွေဆိုရင် ဝေးရောပေါ့။ ပညာရေးကို အဲဒီလို ကျွန်တော်မုန်းခဲ့။ စိမ်းကားခဲ့သည်။” ဟု ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ဆောင်းပါး တွင် ရေးသားခဲ့ဖူးပါသည်။ သမ္မတကြီးဦးသိန်းစိန်၏တစ်နှစ်ပြည့် နှုတ်ခွန်းဆက်မိန့်ခွန်းတွင် တက္ကသိုလ်တွေ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့နေရာမှာ ခေတ်စနစ်နှင့်ညီတဲ့သင်ရိုးညွှန်းတန်းတွေကိုသာမကစီမံခန့်ခွဲမှု၊ ပြုပြင်ပြောင်းလဲရေးကိုပါ ဒွန်တွဲဆောင်ရွက်နေကြောင်း၊ စာသင်ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များတွင် သမားရိုးကျ စာကြည့်တိုက်များအပြင် နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ထားသော အွန်လိုင်း စာကြည့်တိုက်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာ/မများ၏ အရည်အသွေးမြှင့်မားရေး လက်တွေ့ အင်တာနက်ချိတ်ဆက်မှုများ၊ ကွန်ယက်များမြှင့်တင်ဆောင်ရွက်ရေးများကို လုပ်ဆောင်ပေးမည့် အပြင် “သေနတ်ကိုင်သောလက်များကို လက်တော့ပ်ကိုင်သော လက်များအဖြစ်ပြောင်းပေးမည်” ဟူသော သမ္မတကြီး၏ မိန့်ခွန်းစကားအရ ပညာရေးဟူသော စကားလုံးအား ကျွန်တော်ချစ်ခင်မိသည်။ မြတ်နိုးမိ တော့သည်။ ထို့ကြောင့် ပညာရေးတွင် အားနည်းခဲ့သော အထူးအားဖြင့် အင်္ဂလိပ်စာဘာသာရပ်တွင် အားနည်းခဲ့သော ကျွန်တော့်အနေဖြင့် နောင်တစ်ချိန်အနာဂတ် ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်/ရွယ် များအား အသိပညာ၊ အတတ်ပညာရှင်များဖြစ်လာနိုင်ရန်အတွက် လုပ်အားပေးဆရာ/မများ၏ ကောင်းမှုအကူ အညီဖြင့် ကွန်ပြူတာသင်တန်းများ၊ လူမှုရေးသင်တန်းများ၊ ဒီဇိုင်နာ(အပ်ချုပ်)သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှု လူမှုဆက်ဆံရေးသင်တန်း၊ နွေရာသီအင်္ဂလိပ်စာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင်စတင်၍ နွေရာသီသင်တန်းများ ဖွင့်လှစ်ခဲ့ရာတွင် ကျောင်းသား/သူဦးရေ (၁၀၀) ကျော်ခန့်သာ တက်ရောက်သင်ကြားခဲ့သော်လည်း ယခု ၂၀၁၂ ခုနှစ် နွေရာသီအင်္ဂလိပ်စာသင်တန်း၌ ကျောင်းသား/သူဦးရေ (၈၀၀) ကျော် တက်ရောက်သင်ကြားခဲ့ကြသည်။ ၁၀.၃.၂၀၁၂ ရက်နေ့တွင် ကလေးငယ်များအား နွေရာသီအင်္ဂလိပ်စာသင်တန်း တက်ရောက်ကြရမည့် တန်းခွဲများအား ခွဲခြားနိုင်ရန်အတွက် အရည်အချင်းစစ် စာမေးပွဲများကို နံနက် (၉း၀၀) နာရီ၊ နံနက် (၁၁) နာရီ၊ နေ့လည် (၁း၀၀) နာရီ စသဖြင့် အချိန်များခွဲ၍ စစ်ဆေးဖြေဆိုမှုကို ပြုလုပ်ခဲ့ပေးခဲ့သည်။ ယခင် ၂၀၁၀ ခုနှစ် တွင် တက်ရောက်ကြသော ကလေးငယ်များသည် မိဘအုပ်ထိန်းသူများမှ ဆိုက္ကား၊ စက်ဘီး၊ ခြေလျင်တို့ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သော်လည်း ယခု ၂၀၁၂ ခုနှစ်တွင်ပညာသင်ကြားရန် လာရောက်သောကလေးငယ်များ အား ဆိုက္ကား၊ စက်ဘီးတို့အပြင် TAXI ၊ ကိုယ်ပိုင်မော်တော်ယာဉ်တို့ဖြင့် လူတန်းစားအလွှာပေါင်းစုံမှ လာရောက်၍ ပို့ဆောင်မှုကို တွေ့ရှိရသည့်အတွက် များစွာကျေနပ်ပီတိဖြစ်မိတော့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အောက်ခြေလူတန်းစားများဖြစ်ကြသော စီးပွားရေးချို့တဲ့သူများ၊ ဆင်းရဲနွမ်းပါးသူများ၏ အားကိုးအားထားရာ နေရာဋ္ဌာနတစ်ခုဖြစ်ခဲ့သော်လည်း ယခုဆိုလျှင် စီးပွားရေး ကောင်းသူများ၊ ငွေကြေးတတ်နိုင်သူများကပါ မိမိတို့၏ ရင်သွေးငယ်များအားလာရောက်၍ ပညာရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးလိမ္မာသော မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများဖြစ်လာရန် ယုံကြည်မှု ပြည့်ဝစွာဖြင့် လူတန်းစားပေါင်းစုံမှ လာရောက်အပ်နှံခြင်းသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် လူသားအကျိုး ထမ်းရွက်ရကျိုးနပ်တော့မည်ဖြစ်သည်။
By: Kyaw Thu
Unknown at 2:47 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.