Monday, March 19, 2012

 မြောင်းမြမြို့နယ် အတွင်းရှိ မဲစာရင်းများတွင် အိမ်ထောင်စုတစ်ခုလုံး မပါရှိခြင်း

"မြောင်းမြမြို့နယ် အတွင်းရှိ မဲစာရင်းများတွင် အိမ်ထောင်စုတစ်ခုလုံး မပါရှိခြင်း၊ ပါဝင်သော်လည်း ကွဲလွဲမှားယွင်းခြင်း၊ သေဆုံးပြီးသူများ ပြန်လည်ပါဝင်နေခြင်း၊ မှတ်ပုံတင် နံပါတ်တစ်ခုတည်းဖြင့် မဲဆန္ဒရှင် တစ်ဦးထက် ပိုမို ပါဝင်ခြင်းများ ရှိကြောင်း မြို့ခံမဲဆန္ဒရှင်များက အထောက်အထားဖြင့် ပြောကြား"


မတ်လ ဒုတိယပတ်က မြောင်းမြမြို့အတွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးနေသည်ကို တွေ့မြင်ရစဉ်
လွန်ခဲ့သည့် မတ်လဆန်းပိုင်းက ထုတ်ပြန်ကြေညာခဲ့သည့် မဲပေးရမည့် လူဦးရေစာရင်းတွင် လွဲမှားမှုများစွာ ဖြစ်ပေါ်နေကြောင်း မြောင်းမြမြို့မှ မဲဆန္ဒရှင်များက အထောက်အထားများဖြင့် ပြောကြားခဲ့ကြသည်။

ကွဲလွဲမှားယွင်းသည်ဟု ဆိုရာ၌ အိမ်ထောင်စုတစ်ခုလုံး မဲပေးရမည့် စာရင်းတွင် ပါဝင်မလာခြင်း၊ အိမ်ထောင်စုတစ်ခုတွင် တစ်ဦးကျန်၊ နှစ်ဦးကျန် ကျန်ရှိနေခြင်း၊ မှတ်ပုံတင်တစ်ခုတည်းဖြင့် မဲဆန္ဒရှင်တစ်ဦးထက် ပိုမိုပါဝင်နေခြင်း၊ မှတ်ပုံတင်များ မှားယွင်းခြင်း၊ နေရပ်များ မှားယွင်းခြင်း၊ အဖအမည်များ မှားယွင်းခြင်းအပြင် သေဆုံးပြီးသူများ ပါဝင်ခြင်းများရှိကြောင်း သိရသည်။
''ကျွန်မတို့ မိသားစုက ၂၀၁၀ ပြည့်နှစ်မှာ မဲပေးခဲ့ကြပါတယ်။ မဲပေးဖို့ စာရင်းကြေညာတော့လည်း ပါလာပါတယ်။ ကျွန်မတို့ မိသားစုမှာ မဲပေးခွင့်ရှိတာ ငါးဦးရှိပါတယ်။ အခု မဲပေးရမယ့် စာရင်းကပ်တာကိုသွား ကြည့်တော့ တစ်မိသားစုလုံး ပါမလာဘူး။ ကျွန်မတို့က ဒီမှာပဲအိမ် တိုင်တွင်းစွတ်နဲ့ တစ်သက်လုံး နေလာတာ။ အိမ်ထောင်စုစာရင်း အပြည့်အစုံ ရှိတယ်။ မှတ်ပုံတင်ရှိတယ်။ လမ်းမတန်းမှာလည်း နေတယ်။ အိမ်ကျော်သွားစရာ အကြောင်းကို မရှိတာပါ။ ကင်းစောင့်ခ၊ မီးခနဲ့ ရပ်ကွက်က ကောက်သမျှ ကုန်ကျစရိတ်တွေကျတော့ တစ်ခါမှ အိမ်ကျော်သွား တာမရှိဘူး။ မဲပေးရမယ့် စာရင်းကျတော့ တစ်မိသားစုလုံး ကျန်ခဲ့တယ်။ ကျွန်မတို့နားမှာပဲ အိမ်ထောင်စုလိုက် ကျန်ခဲ့တာတွေ တော်တော်ရှိတယ်'' ဟု အမှတ်(၉)ရပ်ကွက် အတွင်းနေ ထိုင်သူတစ်ဦးက ပြောပါသည်။
''ကျွန်တော်တို့က မဲစာရင်းမှာ တော့ပါတယ်။ မှတ်ပုံတင်တွေ လွဲနေတယ်။ တစ်ဦးကျန်၊ နှစ်ဦးကျန်တွေ အများကြီးပဲ။ အဖေနာမည်တွေ လွဲနေတာ၊ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် လွဲနေတာတွေက အများဆုံးပဲ။ တစ်နေ့လုပ် တစ်နေ့စားလည်း ဖြစ်သလို ဘယ်သူ့ပြောရမှန်း မသိတာနဲ့ မပြောဖြစ်တဲ့သူ အများကြီးရှိပါတယ်'' ဟု သူဌေးကုန်းရပ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
''ကျွန်မတို့က ရပ်ကွက်ထဲမှာ၊ လမ်းထဲမှာ သာရေးနာရေးနဲ့ ရပ်ကွက်အရေးအတွက် ရပ်မိရပ်ဖလို နေတာပါ။ မသိတဲ့သူ တစ်ယောက်မှ မရှိဘူး။ မဲစာရင်းကောက်တဲ့ ရပ်ကွက်တာဝန်ရှိသူတွေလည်း အကူအညီလိုရင် အမြဲလာနေကျပါ။ ဒါပေမယ့် မဲပေးရမယ့် စာရင်းမှာ ပါမလာဘူး။ တစ်မိသားစုလုံး မပါတာ။ ရပ်ကွက်အတွက် လိုအပ်တာ လာကောက်တဲ့အခါ မေးကြည့်တော့ ပါပါ မပါပါ သိပ်မှအရေးမကြီးတာလို့ ပြောသွားတယ်''ဟု မြို့ခံတစ်ဦးက ဆိုသည်။

''ရပ်ကွက်ထဲမှာတော့ သတင်းက အစုံပဲ။ မဲတစ်မဲကို ကျပ် ၄၀၀၀၀ လောက်နဲ့ ပေးဝယ်မယ်။ အောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းတဲ့သူတွေက စည်းရုံးရေးလို့ မပြောဘဲနဲ့ လယ်သမားတွေကို ငွေထုတ်ချေးမယ်ဆိုတဲ့ သတင်းမျိုးနဲ့ စုခေါ်ပြီး အဲဒီရောက်မှ အောင်နိုင်ရေးအတွက် ပါတီတစ်ခုက မဲဆွယ်တာမျိုးဖြစ်တာတွေလည်း ကြားနေရတယ်။ အောင်နိုင်ရေးအတွက် ဟောပြောတဲ့ နေရာကိုလာဖို့ ပါတီတစ်ခုကနေ တစ်ဦးကို ကျပ် ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ ပေးမယ်ဆိုပြီး ခေါ်တာတွေ လည်းရှိတယ်၊ မရှိတဲ့သူတွေကတော့ သွားတယ်လို့လည်း ကြားရတယ်'' ဟု မြောင်းမြမြို့ခံတစ်ဦးကလည်း ပြောကြားခဲ့ပါသည်။
''ခရိုင်ကော်မရှင်က ပြင်ဆင်ပေးမယ်ဆိုတာ ဥပဒေမှာ ပါပြီးသားပဲလို့ ပြောတယ်။ မြို့နယ်ကော်မရှင်ကတော့ ပထမမေးတော့ ဧပြီလ ၁ ရက်နေ့ မတိုင်ခင်အထိ ရတယ်ပြောတယ်၊ နောက်တစ်ကြိမ်မေးတော့ ပြင်ဆင်ပေးလို့ မရဘူးလို့ ပြောပြန်ရော။ တချို့ ရပ်ကျေးကော်မရှင်တွေကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ပြင်ဆင်ပေးဖို့ တင်ပြတာကို မဲဆွယ်တယ်ထင်ပြီး လုပ်ပေးဖို့အကြောင်းကို အတိအကျမပြောဘူး''ဟု မတ်လ ၁၇ ရက်နေ့အထိ အခြေအနေကို မြောင်းမြမြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အောင်နိုင်ရေးတာဝန်ခံ ဦးမြင့်လွင်က ပြောကြားခဲ့ပါသည်။
EMG
Unknown at 7:06 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.