Thursday, March 15, 2012

ဆယ်တန်းဖြေဆိုချိန် တိုးတိုးတိတ်တိတ် မဲဆွယ်ကြမည် ဆိုဘဲ

မတ်လ ၁၄၊ ၂၀၁၂ (YPI)

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေသည့် ကာလအတွင်း ပါတီအချို့က အသံချဲ့စက်သုံးသည့် မဲဆွယ် စည်းရုံးမှုများကို ရပ်နားထားကြောင်း ယင်းပါတီ ကိုယ်စားလှယ်လောင်းများကပြောသည်။


မဲဆွယ်စည်းရုံးမှု ရပ်နားထားသည့် ပါတီတချို့မှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP) ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ဖြစ်သည်။


ယခုလ ၁၂ ရက်နေ့မှ ၂၂ ရက်နေ့အထိသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန်ဖြစ်သဖြင့် ဆူညံသည့် မဲဆွယ် စည်းရုံးမှုများက စာမေးပွဲ ဖြေဆိုသူများ အနှောင့်အယှက် မဖြစ်စေရန် ရပ်ထားခြင်းဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောသည်။


“မဲဆွယ်စည်းရုံးရေးရက်တွေကတော့ နည်းသွားတာပေါ့။ ခုတောင် ကမန်းကတန်း လုပ်နေရတာလေ။  ဒါပေမယ့် စာမေးပွဲဖြေမယ့် ကလေးတွေ အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ ”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားလှယ်လောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။ယခုလို ရပ်နားသည့် အစီအစဉ်မှာ မိမိသဘောဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး သက်ဆိုင်ရာက ညွှန်ကြားထားခြင်း မဟုတ် ကြောင်း သိရသည်။


ယင်းကာလ၌ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးရာဇ၀င်များ၊ ပါတီမူဝါဒများနှင့် လုပ်ဆောင်ချက်များ ပါသော လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်း စသည့် မဲဆွယ်စည်းရုံးမှုများကို အိမ်တိုင်ရာရောက် လုပ်ဆောင်လျှက်ရှိပြီး မဲစာရင်းများ စစ်ဆေးခြင်းလည်း ဆောင်ရွက်မည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။


ဆူညံသည့် မဲဆွယ် စည်းရုံးမှုများကိုမူ စာမေးပွဲအပြီး နောက်တနေ့ မတ်လ ၂၃ ရက်နေ့မှစ၍ ၃၁ ရက်နေ့အထိ ပြန်လည် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

“ဆယ်တန်းကလေးတွေ စာမေးပွဲပြီးရင်တော့ မဲဆွယ်စည်းရုံးမှုတွေကို အင်တိုက်အားတိုက် ဆောင်ရွက်သွား မှာပါ” ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ တာဝန်ရှိသူ ကိုမျိုးထွန်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒဂုံဆိပ်ကမ်းမြို့နယ် ကိုယ်စားလှယ်လောင်း ဦးကြီးမြင့်က “မတ်လ ၁၀ ရက်နေ့ ကနေ ၂၃ ရက်နေ့အထိ နားထားတယ်။ ယုဇနဥယျာဉ်မြို့တော်က အထက်တန်းကျောင်း ဘေးမှာ လည်း ဆယ်တန်းစာမေးပွဲဖြေနေသည် ဆူဆူညံညံမလုပ်ရလို့ ရေးထားတယ်။” ဟု ပြောသည်။


ယင်းပါတီအားလုံးသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုမီအချိန်က သက်ဆိုင်ရာမြို့နယ်များ၌ အသံချဲ့ စက်များဖြင့် မဲဆွယ်သီချင်းများဖွင့်ကာ လှည့်လည်ခြင်း၊ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးရာဇ၀င်များ အား မိတ်ဆက်ခြင်း၊ စည်းရုံးဟောပြောခြင်း တို့ကို လေးကြိမ်ခန့်  လုပ်ဆောင်ခဲ့ကြပြီးဖြစ်သည်ဟု ပါတီ တာဝန်ရှိသူများက ပြောကြသည်။


ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများ၏ မဲဆွယ်စည်းရုံးရေး ကာလကို သတ်မှတ်ထားခြင်း မရှိသဖြင့် မဲဆွယ်စည်းရုံးရာတွင် စတင်သည့် ကာလနှင့် ပြီးဆုံးသည့်ကာလတို့မှာ ပါတီတစ်ခုနှင့်တစ်ခုကြား မတူညီကြပေ။      ။
သစ်ထူးလွင်
Unknown at 9:11 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.