Sunday, March 18, 2012

ရေကာတာ တည်ဆောက်ရေး ကေအန်ပီပီနှင့် ညှိနှိုင်းလုပ်ဆောင်မည်ဟုဆို

လွိုင်ကော်၊ မတ်လ ၁၈ ရက်၊ ၂၀၁၂ခုနှစ် (YPI)

ကရင်နီ(ကယား)ပြည်နယ်  ရွာသစ် ရေကာတာတည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ခေါင်းဆောင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး လုပ်ဆောင်သွားမည်ဟု  ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ပြောကြားလိုက်သည်။

 “ကရင်နီခေါင်းဆောင်ကြီးတွေနဲ့ တွေ့တဲ့အခါမှာ သူတို့လည်း အဲဒါတွေပြောပါတယ်။ ကျနော်လည်း နိုင်ငံတော်သမ္မတကြီးကို တင်ပြပါ့မယ်။ အဲဒီထဲမှာမှ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီးမှလုပ်မယ်” ဦးအောင်မင်းက ပြောသည်။

ကေအန်ပီပီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားလှယ်တို့ ယခုလဆန်းပိုင်းက လွိုင်ကော်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်မင်းက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။


 

မတ်လ ၇ ရက်နေ့တွင် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် နိုင်ငံတော် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ကြသည်။


မီဂါဝပ် ၆၀၀ ထုတ်ယူနိုင်မည့် ရွာသစ်ရေကာတာ စီမံကိန်းမှာ သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်မည့် စီမံကိန်း ရေအားလျှပ်စစ် စီမံကိန်း ၃ ခုအနက် ၁ ခုဖြစ်၍ ယခုအချိန်တွင် စီမံကိန်းဆောက်လုပ်ရန် တိုင်းထွာလျှက်ရှိသည့် အနေအထားသာဖြစ်သည်ဟု ပြောဆိုမှုများ မြန်မာနိုင်ငံအစိုးရဘက်မှ ပြောဆိုနေသော်လည်း ၂၀၁၀ ခုနှစ်ဇန်န၀ါရီလတွင် တရုတ်နိုင်ငံမှ Datang ကုမ္ပဏီနှင့် ထိုစဉ်က အုပ်ချုပ်သည့် နအဖ အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။


ယင်းရေအားလျှပ်စစ် ထုတ်ယူမည့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို ထိုင်းနိုင်ငံအခြေစိုက် မြစ်ချောင်းများ ကွန်ရက်အပါအ၀င် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ကန့်ကွက်လျှက်ရှိသည်။ ယခုအနေအထားအရ ရွာသစ်ရေကာတာ စီမံကိန်း ဆောက်မည် မဆောက်မည်ဆိုသည်ကို အတည်မပြုနိုင်သေးကြောင်းလည်း အစိုးရဘက်မှ ပြောဆိုလျှက် ရှိသည်။


ကရင်နီပြည်နယ်တွင်းတွင် နေထိုင်ကြသည့် ဒေသခံ လူထုအများစုသည် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် အကြီးစား ရွာသစ်ရေအားလျှပ်စစ်စီမံကိန်းကို မသိရှိကြသေးကြောင်း KNPP အတွင်းရေးမှူး ခူးဦးရယ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စဖြင့် လွိုင်ကော်မြို့သို့ ရောက်စဉ် ပြောသည်။


“ဒေသခံပြည်သူလူထုတွေရဲ့ သဘောထားကိုလည်း ရယူမေးမြန်းတာမျိုးတွေ ညှိနှိုင်းဆောင်ရွက်တာမျိုးတွေ ဖြစ်သင့်တယ်။ ဘာဆိုးကျိုးဖြစ်မလဲဆိုတာ ပြည်သူတွေက ဘာမှတောင်မသိဘူး။ ဒီလိုဖြစ်တဲ့အခြေအနေမှာ ပိုပြီးစိုးရိမ်တယ်။ ဒီဆိုးကျိုးတွေက ခဏတာ ယာယီဖြစ်မည့်ဟာမျိုးတွေမဟုတ်ဘူး။ တသက်လုံးသူတို့ဘ၀ တုန်းသွားတဲ့ဟာမျိုး ဖြစ်သွားနိုင်တယ်”ဟု လည်း ၎င်းက မှတ်ချက်ချသည်။

မည်သည့်အစိုးရ လက်ထက်တွင် လုပ်ခဲ့သည်ဖြစ်စေ လက်ရှိအစိုးရအသစ်သည် အာဏာအရှိဆုံးဖြစ်ပြီး တာဝန်ခံရမည့် အနေအထားရှိသည်ဟုလည်း ခူဦးရယ်က  ဆိုသည်။

ကရင်နီပြည်နယ်တွင်းတွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန် ၃နေရာ ရာထားသည့် အနက် အခြား ၂ခုမှာ  လွိုင်ကော်မြို့နယ်တွင်းရှိ လျှပ်စစ်ဓါတ်အား ၁၁၀ မီဂါဝပ် တဘက်ချောင်းစီမံကိန်း နှင့် ၁၃၀ မီဂါဝပ် ထုတ်ယူနိုင်မည့် ပွန်ချောင်း စီမံကိန်း တို့ဖြစ်သည်။

ယင်းရေကာတာ စီမံကိန်းများအတွက် ယခင် မြန်မာစစ်အစိုးရနှင့် တရုတ် နိုင်ငံတောင်ပိုင်း အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် ဒါးတန်း ကော်ပိုရေးရှင်း (Datang Corporation) တို့က နားလှည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။         ။
သစ်ထူးလွင်
Unknown at 9:09 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.