Friday, March 23, 2012

ကံဆိပ်ရွာအနီး ငဝန်မြစ်အတွင်း ရှပ်ပြေးအမြန် ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိနေ



ငပုတောမြို့နယ်၊ ကံဆိပ်ကျေးရွာအနီး င၀န်မြစ်အတွင်း ရှပ်ပြေးအမြန်ရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၂၃ ဦးအထိ ရှိလာပြီး သေဆုံးသူများထဲတွင် မူလတန်းနှင့် အလယ်တန်း ကျောင်းသူ ကျောင်းသား ခြောက်ဦးနှင့် ဆရာမတစ်ဦး ပါဝင်ကြောင်း သတင်းရရှိသည်။ ပုသိမ်မြို့မှ ငပုတောမြို့အား ဖြတ်သန်းကာ သရက်တောကျေးရွာအထိ ပြေးဆွဲလျက်ရှိသော ပုသိမ်သူ အမည်ရှိ ရှပ်ပြေးအမြန်ရေယာဉ်မှာ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က ငပုတောမြို့နယ် ကံဆိပ်ကျေးရွာအနီး င၀န်မြစ်အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ ပုသိမ်မြို့မှ သရက်တောမြို့သို့ ထွက်ခွာလာသည့် ပုသိမ်သူအမည်ရှိ ရှပ်ပြေးအမြန်ရေယာဉ်မှာ ကံဆိပ်ကျေးရွာတံတားသို့ ဆိုက်ကပ်ရန် သင်္ဘောအား အရှိန်ဖြင့် ကွေ့လိုက်စဉ် အရှိန်များပြီး တိမ်းစောင်းကာ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ ''ကံဆိပ်ကိုကပ်ပြီးတာနဲ့ ငပုတောကို သင်္ဘောကကပ်မှာ။ ငပုတော ဆိပ်ကမ်းမှာ အဲဒီသင်္ဘောကပ်တာနဲ့ ဈေးရောင်းမယ့်သူတွေက သင်္ဘောလာတာကို စောင့်နေတာ။ သင်္ဘောက လှမ်းမြင်နေရတယ်လေ။ ကံဆိပ်နား ရောက်တာကို မြင်နေရတယ်။ ပြီးတော့မှ သင်္ဘောက ပျောက်သွားတာ။ အဲဒီတော့မှ သင်္ဘောမှောက်ပြီဆိုပြီး ပြောကြတာ'' ဟု ကိုယ်တိုင်ကြုံရသူက ဆိုပါသည်။ အဆိုပါ ရှပ်ပြေးအမြန်ရေယာဉ်ပေါ်တွင် လူဦးရေ ၉၀ ကျော် လိုက်ပါလာပြီး အမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး ၃၈ ဦး စုစုပေါင်း ၇၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသည့်ဦးရေမှာ ၂၃ ဦးရှိကာ သေဆုံးသူများထဲတွင် မူလတန်းနှင့် အလယ်တန်း ကျောင်းသူကျောင်းသား ခြောက်ဦးနှင့် ဆရာမ တစ်ဦး ပါဝင်ကြောင်းလည်း သိရသည်။ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းအထိ ရရှိသော သတင်းများအရ ငပုတောမြို့နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသူ လေးဦးခန့်ရှိကြောင်းနှင့် အသက်ရှင်လွတ်မြောက်သူများမှာ မိမိတို့သက်ဆိုင်ရာ ကျေးရွာများသို့ အသီးသီး ပြန်လည် ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။ နစ်မြုပ်ခဲ့သည့် ရှပ်ပြေးအမြန်ရေယာဉ်ကို မတ်လ ၂၂ ရက်နေ့တွင် ပြန်လည်ဆယ်ယူသွားမည်ဖြစ်ပြီး ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရသည်။ ယခုတိမ်းမှောက်သော ယာဉ်ပေါ်တွင် ကုန်နှင့်လူအလေးချိန်မှာ ပုံမှန်တင်ဆောင်နိုင်သည် ထက် များပြားနေကြောင်း သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။ ရှပ်ပြေးအမြန်ယာဉ်သင်္ဘောမှာ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃နာရီ ၀န်းကျင်က ငပုတောမြို့နယ် ကံဆိပ်ကျေးရွာအနီး င၀န်မြစ်အတွင်း နစ်မြုပ်သွားစဉ် ခရီးသည် ၆၀ ဦးကို အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ခဲ့သည်ဟု ကနဦး သတင်းများအရ သိရသည်။ သင်္ဘောနစ်မြုပ်မှုမှ လွတ်မြောက်လာသည့် ခရီးသည်များအား အဆိုပါဒေသရှိ ဌာနဆိုင်ရာ ပေါင်းစုံပါဝင်သည့်အဖွဲ့မှ ကူညီမှုပေးပြီး ပျောက်ဆုံး၊ သေဆုံးသူများ ရှာဖွေမှုကိုလည်း ဆက်လက် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ မတ်လ ၂၁ ရက်နေ့ ည ၇ နာရီထိ သေဆုံးသူ ၁၄ ဦး၏ အလောင်းများအား ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။ ယခုတိမ်းမှောက်ခဲ့သော ရှပ်ပြေးအမြန်ယာဉ်သည် ပုသိမ်ဆိပ်ကမ်းမှ ငပုတောမြို့နယ် သရက်တောကျေးရွာသို့ ထွက်ခွာလာခြင်း ဖြစ်ကြောင်းသိရှိရသည်။
Unknown at 8:55 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.