Thursday, March 22, 2012

တရုတ်-မြန်မာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လုပ်ကိုင်နေသည့် ဒေသခံ နေ့စားလုပ်သားများ လုပ်အားခ လျော့ချခံရ

 
ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် နိုင်ငံခြား အလုပ်သမားများ နေထိုင်ရန် အဆောက်အဦများကို တာဝန်ယူဆောင်ရွက်နေသည့် (MGC) မြန်မာ ရွှေသရဖူကုမ္ပဏီတွင် ၀င်ရောက်လုပ်ကိုင်နေသည့် ဒေသခံ အလုပ်သမားများ နေ့စားလုပ်အားခ လျော့ချခံရကြောင်း သတင်းရရှိပါသည်။

“MGC ကုမ္ပဏီမှာ အလုပ်ဝင်ကြမလားဆိုပြီး အလုပ်လျှောက်လွှာ ခေါ်ပါတယ်။ အလုပ်လျှောက်တဲ့အခါ ရယက ထောက်ခံစာ၊ ဓာတ်ပုံလေးပုံနဲ့ ငွေကျပ် ၆၀၀၀ သွင်းရပါတယ်။ လုပ်အားခကတော့ တစ်နေ့ကို ကျပ် ၄၅၀၀ နဲ့ တစ်လကို ကျပ် ၁၃၅၀၀၀ ရမယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း အလုပ် လျှောက်လိုက်ပါတယ်။ အလုပ်က လက်သမားအလုပ်ကို လုပ်ရမယ် ပြောပါတယ်။ ကျွန်တော်တို့ အလုပ်သမား  ၁၀၀  ကျော်ကို MGCက အလုပ်သမား ခေါင်းဆောင်တစ်ဦးနဲ့ မတ်လ ၁၅ ရက်နေ့ကစပြီး အလုပ်ဆင်းခွင့် ရခဲ့ပါတယ်''ဟု လက်သမားတစ်ဦးက ပြောသည်။
MGC ကုမ္ပဏီတွင် အဆောက်အဦများ တိုးချဲ့ဆောက်လုပ်ရန် အလုပ်သမားများ လိုအပ်သည့်အတွက် ကျောက်ဖြူမြို့နယ်မှ ဒေသခံအလုပ်သမားများကို မတ်လ ၁၅ ရက်နေ့က အလုပ်ခန့်ခဲ့ကြောင်း သတင်းရရှိပါသည်၊ အဆိုပါ လုပ်သားများမှာ နေ့စား လုပ်အားခ ကျပ် ၄၅၀၀ မှ ၃၀၀၀ ထိ လျော့ချလိုက်မှုကြောင့်  အလုပ်သမားတချို့မှာ အလုပ်မလုပ်တော့ဘဲ ထွက်လာခဲ့ကြောင်း ဒေသခံလုပ်သားတစ်ဦးက ပြောသည်။
''ကျွန်တော်တို့ လုပ်ငန်းခွင်ကို ရောက်သွားတော့ လက်သမားအလုပ်ကို မလုပ်ရဘဲ ဘိလပ်မြေအိတ်၊ သဲအိတ်၊ သစ်လုံးများ သယ်ရပါတယ်။ အဆောက်အဦ ဆောက်ရန် အောက်ခံ ဖောင်ဒေရှင်းအတွက် မြေကျင်းတွေကို လည်း တူးရပါတယ်၊ ၁၅၊ ၁၆၊ ၁၇ ရက်အထိ အလုပ် သုံးရက် ဆင်းပြီးတဲ့အခါ ကျွန်တော်တို့ အလုပ်သမားတွေကို MGC ကုမ္ပဏီက ဆောက်လုပ်ရေး တာဝန်ခံ ကန်ထရိုက်ယူထားသူ တစ်ဦးက ကျွန်တော်တို့ အလုပ်သမားတွေ ကိုခေါ်ပြီး မင်းတို့ အလုပ်လုပ်တာ မကျွမ်းကျင်ဘူး။ ငွေ ၄၅၀၀ မပေးနိုင်ဘူး ဒီနေ့ကစပြီး ၃၀၀၀ ပဲပေးနိုင်မယ်''ဟု ဒေသခံ လုပ်သားတစ်ဦး ပြောပြချက်အရ သိရသည်။

လုပ်ငန်းခွင်အတွင်း အလုပ်အကိုင် ကွဲလွဲမှုနှင့် နေ့စားလုပ်အားခကို အဆမတန် လျော့ချလိုက်သည့်အတွက် ကျောက်ဖြူမြို့နယ် ဒေသခံ လုပ်သားအချို့မှာ  အလုပ်ကို ဆက်မလုပ်တော့ဘဲ မိမိနေအိမ်သို့ ပြန်လာခဲ့ပြီး ၁၅၊ ၁၆၊ ၁၇ ရက်နေ့မှ လုပ်အားခများကိုလည်း မရကြသေးကြောင်း သတင်းရရှိပါသည်။
အဆိုပါ လုပ်ငန်းနဲ့ ပတ်သက်ပြီး အလုပ်သမား အဖွဲ့တွင် ဦးဆောင်သူ တစ်ဦးကလည်း ''တစ်နေ့ကို ၃၀၀၀ ဆိုရင် နည်းပါတယ် ကျွန်တော်တို့က မနက်ပိုင် ၇ နာရီကနေပြီး ၁၁ နာရီ ၄၀ မိနစ်အထိ တစ်ကြိမ်၊ မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်ကနေ ညနေ ၅ နာရီ အထိ တစ်နေကုန် လုပ်ရပါတယ်။ ငွေ ၃၀၀၀ က အလွန်းနည်းပါတယ်လို့ ကျွန်တော်က ပြောတော့  မပေးနိုင်ဘူး မလုပ်ချင်ရင် ထွက်ကြလို့ ပြောပါတယ်ဟု ဆိုသည်။
EMG
Unknown at 2:07 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.