Sunday, March 18, 2012

ဘတ်ဂျက်အရေး တွေးမိသမျှ

 
 
နှစ်ငါးဆယ် အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ်နဲ့ အစိုးရ ဘတ်ဂျက်ကို လူသိရှင်ကြား ထုတ်ပြန်ပြီး လွှတ်တော်မှာ ဆွေးနွေးခွင့် ရတာဟာ ၂၀၀၈ အခြေခံ ဥပဒေရဲ့ အသီးအပွင့် တစ်ခုပါပဲ။ လွှတ်တော် အမတ်တွေကလည်း အတော်လေး တက်တက် ကြွကြွ ဆွေးနွေး ကြတာကိုလည်း သတိပြုမိပါတယ်။
 
  သို့သော် သတင်းစာထဲက ဆွေးနွေးချက်တွေကို ဖတ်ရင်း လွှတ်တော်ရဲ့ဘတ်ဂျက် ရေးရာ ဆွေးနွေး မှုတွေနဲ့ ပတ်သက်ပြီး ထောက်ပြ စရာတွေလည်း တွေ့လာရပါတယ်။ ပထမဆုံး တွေ့ရတာကတော့ လွှတ်တော် အမတ်တွေ အနေနဲ့ နိုင်ငံရဲ့ မိုက်ခရိုနဲ့ မက်ခရို စီးပွားရေး အခြေအနေ (Micro- economics and Macroeconomics) အခြေအနေတွေကို ထည့်သွင်း စဉ်းစားခြင်း မရှိဘဲ ၀န်ကြီးဌာနများ၊ စီမံကိန်းများ အပေါ် မိမိတို့ရဲ့ ကိုယ်ပိုင် အမြင်များကို အခြေခံပြီး ပြောဆို ဆွေးနွေးတာက အများစု ဖြစ်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံ စီးပွားရေးကို ပြောရင် တုန့်ဆိုင်းနေတယ်လို့ ပြောရမှာ ဖြစ်တယ်။ ဒါဟာ ၂၀၀၈ ငွေကြေး အကျပ်အတည်း နောက်ပိုင်း နိုင်ငံအားလုံး ရင်ဆိုင်နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒါကို ကုစားတဲ့အခါ နိုင်ငံအများစုက စီးပွားရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ အခွန် လျှော့ပေးတယ်။ နောက်ပြီး စီးပွားရေး ပြန်လည် နှိုးဆွတဲ့ ရန်ပုံငွေကို ထူထောင်ပြီး အတိုး သက်သာတဲ့ စက်မှု လုပ်ငန်း ချေးငွေတွေ ပေးတာ၊ အစိုးရ တည်ဆောက်ရေး လုပ်ငန်း Publci Work တွေ လုပ်ပေးတယ်။ တရုတ် သည်ပင်လျှင် ၂၀၀၈ အကျပ်အတည်း ကနေ ရုန်းထွက်ဖို့ အတွက် ဒေါ်လာ ၅၈၆ ဘီလီယံ ရန်ပုံငွေ ထူထောင်ပြီး လုပ်ပေးခဲ့ရတယ်။ အမေရိကန်က ဒေါ်လာ ၇၈၇ ဘီလီယံ ရန်ပုံငွေ ထူထောင်ပေးရတယ်။
 
မက်ခရို စီးပွားရေး သဘော အရ စီးပွားရေး နလံ ပြန်ထူချင်တယ် ဆိုရင် ကုန်ထုတ် လုပ်ငန်းတွေ လည်ပတ်အောင်၊ လူတွေ ငွေပို သုံးနိုင်အောင်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာအောင် လုပ်ရတယ်။ ဒါက အခြေခံ သဘောတရားပါ။ ဒါ့ကြောင့် အဲဒီအချိန်မှာ လိုငွေပြ ဘတ်ဂျက်နဲ့ သွားရပါတယ်။
 
ဒီကနေ့ လွှတ်တော် အမတ်များရဲ့ ဆွေးနွေးချက်တွေကို ခြုံကြည့်လိုက်ရင် အခုလို တွေ့ရတယ်။
စီမံကိန်းကြီးတွေ အပါအ၀င် ၀န်ကြီး ဌာနတွေရဲ့ အသုံးစရိတ်ကို ဖြတ်တောက်ဖို့။
စီးပွားရေး ဦးမော့လာအောင် လုပ်ဖို့။
အခွန်အကောက်တွေ လျှော့ချဖို့။
အစိုးရ ၀န်ဆောင်မှုတွေ အရည်အသွေး တိုးမြှင့်ပေးဖို့။
သူတို့ လွှတ်တော် နယ်မြေတွေမှာ လိုအပ်နေတဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း၊ တံတား၊ ရေသွယ်မြောင်း၊ ဆည်တွေ လုပ်ပေးဖို့။
ဘတ်ဂျက် လိုငွေမပြဖို့။
ဝန်ထမ်းတွေကို အနည်းဆုံး လစာ တစ်သိန်း ပေးဖို့။
ဒါတွေကို ချကြည့် လိုက်ရင်ပဲ  ဘယ်လိုမှ အဆက်အစပ် မညီတာ တွေ့ရမှာပါ။ အဲဒါဟာ လွှတ်တော် အမတ်တွေ အတွင်းမှာ မက်ခရို စီးပွားရေး သဘောတရားကို ဆုပ်ကိုင်ပြီး တူညီတဲ့ ချဉ်းကပ်မှုနဲ့ ဆွေးနွေးရမယ့် အစား မိမိ သန်ရာသန်ရာ ဆွေးနွေး နေတာကြောင့်ပဲ ဖြစ်ပါတယ်။
နောက်တစ်ခါ အမတ်တစ်ချို့က အခြေခံ ဥပဒေမှာ ပါတဲ့ ဥပဒေပြုရေး အခန်းကဏ္ဍကို တိတိပပ မသိတာလည်း တွေ့ရတယ်။ လွှတ်တော် အမတ် တစ်ချို့က ၀န်ကြီးဌာန အသုံးစရိတ်ကို ဆွေးနွေးတဲ့ နေရာမှာ အဆောက်အဦ တစ်ခုကို ဒီနေရာမှာ မဆောက်ဘဲ ဟိုနေရာမှာ ဆောက်သင့်တယ်လို့ ဆွေးနွေး တာတောင် ရှိတယ်။ တကယ်တော့ ဥပဒေ ပြုရေးဟာ အသုံးစရိတ်ကိုပဲ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဆောက်သင့်လို့ ငွေခွင့်ပြုတယ် ဆိုရင် အရှေ့လှည့်၊ အနောက်လှည့် ဆောက်တာ၊ စီမံကိန်း နယ်မြေထဲမှာ ဘယ်နေရာမှ အဆောက်အဦ ဆောက်မယ် ရွေးတာဟာ အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ အလုပ်သာ ဖြစ်ပါတယ်။
 
လစာ တစ်သိန်း ဆိုတဲ့ ကိစ္စမျိုး ကြတော့လည်း အစိုးရအဖွဲ့က လစာထက် ထောက်ပံ့ကြေးလိုပဲ တိုးပေးနိုင်မယ် ဆိုပြီး Data တွေနဲ့ ရှင်းပြတာကို နားထောင် ပြီးတဲ့အခါ လစာ မဖြစ်မနေတိုးဖို့ ပြောနေသူတွေဟာ မိန်းမက နောက်ဖေး မီးဖိုချောင်မှာ ဆန်၊ ဆီ၊ ဈေးဖိုးတွက်ပြီး တစ်ပတ်စာ လောက်အောင် ဘယ်လို ချက်ရမလဲ တွက်ရင်း ချွေးပြန်နေချိန်မှာ အိမ်ရှေ့မှာ ထိုင်ပြီး အိမ်မှာ ရှိမှန်းမသိ၊ မရှိမှန်းမသိ ဖြတ်သွားသမျှ လူကို ထမင်း ၀င်စားပါဦးလို့ ဖိတ်နေတဲ့ အိမ်ဦးနတ်နဲ့ တူလေစွလို့လည်း တွေးမိပါတယ်။
 
နောက်တစ်ခါ SEA Game ကို ၂၀၁၃၊ အာဆီယံ ဥက္ကဌ တာဝန်ကို ၂၀၁၄ မှာ ယူရမယ့် အချိန်မှာ အဓိက အခမ်းအနားတွေ ကျင်းပရမယ့် နေပြည်တော်က ဆောက်လုပ်ရေး စီမံကိန်းတွေ အားလုံး ရပ်ဆိုင်း ထားသင့်ကြောင်း ဆွေးနွေး တာမျိုးဟာလည်း ဆွေးနွေးသူရဲ့ တွေးခေါ် မျှော်မြင်မှုအပေါ် မေးခွန်း ထုတ်စရာ ဖြစ်စေပါတယ်။
 
တစ်ဖက် အသုံးစရိတ်တွေ ဖြတ်ဖို့ ပြောနေချိန်မှာ လူတွေ သိပ်သတိ မထားလိုက်မိတဲ့ လွှတ်တော် အမတ်တွေအတွက် ကား၊ ရထား၊ လေယာဉ် အခမဲ့စီးခွင့်များ၊ ဆေးကုသခွင့်များ၊ အခမဲ့ ဖုန်း၊ ရေ၊ မီး သုံးစွဲခွင့်များကို လွှတ်တော်က အတည်ပြုပေး လိုက်တာကိုလည်း တွေ့ရပြန်ပါတယ်။
 
လွှတ်တော်ဟာ ဥပဒေပြု အဖွဲ့အစည်း အနေနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့ အသုံးစရိတ်ကို ပြည်သူတွေ သိအောင် ဆွေးနွေး ထောက်ပြဖို့၊ ဖြတ်တောက်တာ၊ ပြင်ဆင်တာ လုပ်ဖို့ အခွင့်အရေး ရှိတာ အမှန်ပါပဲ။ ဒါပေမယ့် နည်းပညာနဲ့ ဆိုင်တဲ့ကိစ္စမျိုး၊ မက်ခရို စီးပွားရေးနဲ့ ဆိုင်တဲ့ ကိစ္စမျိုးတွေမှာ ပြည်သူ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဒီထက်ပိုပြီး အမြင် ကျယ်ကျယ်နဲ့ ဆွေးနွေး သင့်တာ အမှန်ပါပဲ။ အခု အချိန်ထိကတော့ ၀န်ကြီးဌာနတွေကို သူ့ထက်ငါ ဘယ်သူက ပိုပြီး ဝေဖန်နိုင်သလဲ ဆိုတာ ပြိုင်နေတဲ့ အခြေအနေ၊ ဘတ်ဂျက် ဆွေးနွေးတယ် ဆိုတာ ဖြတ်တောက်ဖို့ပဲ ဆိုတဲ့ အသိပဲ ရှိနေတဲ့ အခြေ အနေတွေပဲ တွေ့နေရပါ သေးတယ်။
 
ဒါကလည်း မြန်မာနိုင်ငံရဲ့ ကဏ္ဍ ပေါင်းစုံမှာ တွေ့နေရတဲ့ Capacity ပြဿနာလို့ပဲ ဆိုရမှာပါ။ နောက်တစ်နှစ် ဘတ်ဂျက် ဆိုရင် တော့ဖြင့် အခုထက် ပိုပြီး ပညာပါတဲ့ ဆွေးနွေးချက်တွေ မြင်ရ၊ ကြားရမယ်လို့ မျှော်လင့် မိပါတယ်။
ပိတောက်မြေ
Unknown at 8:29 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.