Sunday, March 18, 2012

ကယားပြည်နယ် ဖွံ့ဖြိုးဖို့ လျှပ်စစ်မီးက အရေးပါ

ကရင်နီ(ကယား)ပြည်နယ်ဒေသ ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးက အရေးပါကြောင်း အမှတ်(၁) နှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယခုလဆန်းပိုင်းက ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်ထည့်သွင်း ပြောကြားခဲ့သည်။

“လျှပ်စစ်မီးရမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်လို့ရမယ်။ မီးမရရင် ခက်ခဲတယ်။ မီးရဖို့လိုအပ်နေတယ်။ လျှပ်စစ်မီးမရရင် စက်မှုလုပ်ငန်းလည်း ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ဒါကြောင့် လျှပ်စစ်က တကယ်လိုပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီး ကပြောသည်။


လောပိတ ရေအားလျှပ်စစ် စက်ရုံ ရေလှောင်ကန်တနေရာ


ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ခူဦးရယ်ကလည်း ကယားပြည်နယ်အတွင်းရှိ လောပိတ ရေအားလျှပ်စစ်စက်ရုံမှ မြန်မာနိုင်ငံတစ်ဝှမ်းသို့ လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူးပေးနေသည်မှာ နှစ်ပေါင်း ငါးဆယ်ကျော်ပြီ ဖြစ်သော်လည်း ကယားပြည်နယ် အတွင်းတွင် လျှပ်စစ်မီးလုံလောက်စွာမရရှိသေးသည့်ဒေသ များစွာရှိနေသေးကြောင်း ယင်းဆွေးနွေးပွဲတွင်ပင် လက်ရှိအခြေအနေကို ထင်ဟပ် ပြောဆိုသည်။


“ဒီမြို့မှာ လမ်းတိုင်းမီးမရပါဘူး။ ခုချိန်ထိ တပြည်နယ်လုံး မြို့နယ်ခုနစ်မြို့နယ်လုံးကို ဘယ်နေရာမှလည်းအကုန်မရောက်သေးပါဘူး။ နှစ်ပေါင်းလည်းကြာခဲ့ပြီ အဲဒီကထွက်တဲ့မီးက ရန်ကုန်သွားတယ်။ မန္တလေးသွားတယ်။ အစိုးရအဆောက်အဦ ကြီးကြီးတွေသွားတယ်။ ကယားမှာတော့ မှိတ်တုတ် မှိတ်တုတ်နဲ့ပိုးစုံးကြူးမြို့လို့ တင်စားခံနေရတယ် ” ဟုခူဦးရယ်က ပြောသည်။


ကယားပြည်နယ်အတွင်း လွိုင်ကော်မြို့နှင့် ဒီးမောဆိုးမြို့တို့တွင်သာ လျှပ်စစ်မီးအချိန်ပြည့်ရရှိပြီး ကျန်သည့်မြို့များမှာ အချိန်ပိုင်းဖြင့်သာ ရလျှက်ရှိသည်။


အခြားနယ်မြို့များတွင် ဒေသခံများက စုဆောင်းထည့်ဝင်ကာ လျှပ်စစ်မီးရရှိဖို့ လုပ်ကိုင်ကြသည့် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ကြသည်ကို ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် တွေ့မြင်နေကြရသည်။


ယင်းတို့အနက် ဒီးမောဆိုးမြို့ ရှိ ဒေါကလိုက်လင်ကျေးရွာတွင်လျှပ်စစ်မီးရရှိရေး အတွက် ဆောင်ရွက်ရာတွင် ရံပုံငွေ ပြည့်ရန် နှစ်ပေါင်း(၃၀)ကြာစုဆောင်းခဲ့ကြရသည်ဟု ကျေးရွာသားများ ကပြောသည်။


“အဖိုးအဖွားလက်ထက်က စုထားတဲ့ငွေတွေနဲ့ ထရန်စဖော်မာတွေဝယ်တယ်၊ မီးကြိုးတွေ ၀ယ်တယ် ခုထိတော့ မီတာပုံး မဆင်ရသေးဘူး” ဟုကျေးရွာသား တဦးက ပြောသည်။

ယင်းရံပုံငွေဖြင့် မလောက်ငှ၍ ရံပုံငွေနှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ ငွေကျပ်သိန်းတစ်ရာချေးယူပြီး လျှပ်စစ်မီးရရှိရန် ကိုယ်ထူကိုယ်ထ လုပ်ဆောင်ခဲ့ကြရသည်ဟု ယင်းဒေသခံများကပြောသည်။

၁၉၅၄ ခုနှစ်နှင့် ၁၉၈၇ ခုနှစ်တို့တွင် ကယားပြည်နယ်အတွင်း ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံ ၂ ရုံကို ဂျပန်အစိုးရ၏ စစ်လျှော်ကြေးငွေများဖြင့်တည်ဆောက်ခဲ့ပြီး တတိယစက်ရုံကို ၂၀၀၈-၂၀၁၂ စီမံချက်ဖြင့် တည်ဆောက်လျှက်ရှိသည်။     ။

သစ်ထူးလွင်
Unknown at 8:25 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.