NLD သင်္ကေတ၊ တံဆိပ် ခွင့်ပြုချက်မရှိဘဲသုံးလျှင် ဥပဒေအရ အရေးယူမည်
By The Voice Weekly မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးအား NLD ပါတီ၏ သင်္ကေတ တံဆိပ်များကို ခွင့်ပြုချက်မရဘဲ သုံးစွဲပါက ဥပဒေအရ အရေးယူနိုင်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောကြားသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (မန္တလေးတိုင်း ဒေသကြီးရုံး) တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ The Voice Weekly ၏ မေးမြန်းမှုနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။
“ဒေါ်မြင့်မြင့်အေးကို မိတ္ထီလာ NLD အနေနဲ့ အသိအမှတ် မပြုတော့တဲ့ သဘောမှာ ရှိပါတယ်။ တိုင်းကလည်း အရေးယူထားပါတယ်။ ဗဟိုကလည်း အသိအမှတ် ပြုထားပါတယ်” ဟု ကြားဖြတ် ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ NLD ကိုယ်စားပြု ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
“သူ့အနေနဲ့ တစ်သီးပုဂ္ဂလ ဝင်ပြိုင်တာ ဖြစ်တဲ့အတွက် NLD ရဲ့ သင်္ကေတတွေ၊ တံဆိပ်တွေကို သုံးစွဲခွင့် မရှိပါဘူး။ ကိုယ်စားလှယ် မဖြစ်ခင်ကတည်းက ရှောင်ရှားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြိုင်တယ်ဆိုတာ နိုင်ရင်ပြီးရော ပြိုင်ရမှာမျိုး မဟုတ်ပါဘူး” ဟု ဦးအုန်းကြိုင်က ဆိုသည်။ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို၏ တာဝန်ပေးချက်အရ ဦးဝင်းထိန် နှင့် မိတ္ထီလာမြို့နယ် NLD ပါတီဝင်ဟောင်း ဒေါ်မြင့်မြင့်အေး (တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း) တို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge