Wednesday, February 15, 2012

ငြိမ်းချမ်းရေးအားရှောင်လွှဲကာ လက်နက်ကိုင်အာဏာယစ်မူးနေကြသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ( KIA ) ခေါင်းဆောင်ကြီးများ

From : ငြိမ်းချမ်းစွာနေလိုသော ကချင်ပြည်သူလူထုကိုယ်စား ( ကချင်တိုင်းရင်းသားတစ်ဦး )
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့။


ကေအိုင်အေအဖွဲ့၏ တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၅)နှင့် ဘွန်ဆင်(န်) BumSen စခန်းမှ စတင်ကာ ၂၀၁၁ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် မြန်မာအစိုးရတပ်များနှင့် KIA အဖွဲ့များ ကချင်ပြည်နယ်အတွင်း စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ကြပါတယ်။ ကချင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက် (၁၆-၆-၂၀၁၁) ရက်နေ့တွင် လိုင်ဇာမြို့၌ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများအား တွေ့ဆုံဆွေးနွေးခြင်း(၃)ကြိမ်၊ စာဖြင့်အပြန်အလှန်ဆက်သွယ်ပေးပို့ ခြင်း (၂၁) ကြိမ်ကျော် ပြုလုပ်ခဲ့ကြရာ နိုင်ငံတော်အစိုးရအနေဖြင့် KIOအဖွဲ့(ညှိနှိုင်းရေးအဖွဲ့)၏ တောင်းဆိုချက် များအား အတတ်နိုင်ဆုံးလိုက်လျောပေးခဲ့သော်လည်း KIO အဖွဲ့အနေဖြင့် ပြင်ဆင်ချက်များ ထပ်မံပြုလုပ်ခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် ထပ်မံဖြည့်စွက်ပြောင်းလဲ အကြောင်းပြန်စာများပေးပို့ကာ ငြိမ်းချမ်းရေးရယူရန် ရှောင်လွှဲ လာခဲ့ကြပါသည်။


ယခုအချိန်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)အဖွဲ့ အနေဖြင့် နိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်ကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ကောင်းစားရေးအား အစိုးရနှင့်လက်တွဲပြုလုပ်ရန် အကောင်း ဆုံးအချိန်ပင် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကမ်းလှမ်းမှုများပြုလုပ်ကာ ဆွေးနွေးပွဲများဖြင့် အနှစ်(၆၀)ကျော် လက်နက်ကိုင်တော်လှန်ခဲ့သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ပြီးခဲ့သော ဇန်န၀ါရီလ(၁၂)ရက်နေ့တွင်၎င်း ၊ ဇန်န၀ါရီလ(၁၆)ရက်နေ့တွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း(SSA(s)) အဖွဲ့တို့နှင့် သဘောတူလက်မှတ်ရေးထိုးကာ ဇန်န၀ါရီလ(၆)ရက်နေ့ တွင် (CNF) ချင်းအမျိုးသားတပ်ဦးနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။

(ALP) ရခိုင်လွတ်မြောက်ရေးပါတီအား ဇန်န၀ါရီလ ၊ (၂၃)ရက်နေ့တွင် အစိုးရဘက်မှ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး ရခိုင်လွတ်မြောက်ရေးပါတီဘက်မှလည်း ကြိုဆိုကြောင်းနှင့် မကြာခင်ငြိမ်းချမ်းရေး အကြောင်းပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ PNLO(ပအို့ဝ်အမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်)သည်လည်း အစိုးရနှင့်ဆွေးနွေးရန် အဖွဲ့ဝင်(၅)ဦးပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ အတိအလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် ဖေဖော်ဝါရီလထဲတွင် ဆွေးနွေးနိုင်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့် ထိတွေ့ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံသဘောတူညီမှုများကို လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ ပါသည်။

ကျန်အဖွဲ့(၅)ဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ကာ သဘောတူလက်မှတ်ရေးထိုးမှုများ ပြုလုပ်နေချိန်တွင် ကျွန်တော်တို့ ကချင်ဒေသခံပြည်သူများအတွက် ကချင်ပြည်နယ်အားကိုယ်စားပြုကာ တိုက်ပွဲ ၀င်နေသည်ဟု ကြွေးကြော်နေသော KIA အဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရပ်စဲဆုတ်ယုတ်နေသည်များအား မသိကျိုးကျွံပြုကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအား ရှောင်လွဲမှုအကြိမ်ကြိမ် ပြုလုပ်နေခဲ့ပါသည်။ ယခုနောက်ဆုံးအကြိမ် လိုင်ဇာမြို့၌ ဇန်န၀ါရီ (၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို အဆုံးအဖြတ် ပေးနိုင်သော KIA ခေါင်းဆောင်ကြီးများမပါဝင်ဘဲ မြန်မာစစ်တပ်များ၏ ထိုးစစ်ဆင်မှုများအား ခေတ္တရပ်တန့်စေလိုသော ရည်ရွယ်ချက်ဖြင့်သာ ငြိမ်းချမ်းရေးဆွေးနွေးမှုအား ဟန်ပြလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

လိုင်ဇာမြို့၌ ဇန်န၀ါရီ(၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နေစဉ်


ကချင်ပြည်နယ်အတွင်း ယခင်းအစိုးရတည်ဆောက်ပေးခဲ့သော လမ်းများ၊တံတားများကြောင့် ပြည်သူများ သွားလာမှုနှင့် ရောင်းဝယ်ဖောက်ကားရာတွင် လွယ်ကူအဆင်ပြေခဲ့ပါသည်။ သို့သော် မြန်မာအစိုးရစစ်တပ်နှင့် KIA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည့်အချိန်မှစ၍ စစ်ရေးအကြောင်းပြချက်ဖြင့် လမ်းများ၊တံတားများအား ဖျက်ဆီးပစ်ခြင်းသည် ပြည်နယ်အတွက် ကြီးမားသောဆုံးရှုံးမှုများပင်ဖြစ်ပါသည်။ ကေအိုင်အေအဖွဲ့သည် ဇန်န၀ါရီလ(၁၇)ရက်နေ့အထိ တံတားမိုင်းခွဲသော အကြိမ်ပေါင်း (၁၁၃)ကြိမ်၊ ကားလမ်းမိုင်းခွဲသော အကြိမ်ပေါင်း (၁၅)ကြိမ်၊ မီးရထားလမ်းမိုင်းခွဲသော အကြိမ်ပေါင်း(၂၃)ကြိမ် ပြုလုပ်ခဲ့သည်ကို ပြည်နယ်အစိုးရ၏မှတ်တမ်းများ အရ သိရှိရပါသည်။
KIA အဖွဲ့၏ ဖောက်ခွဲဖျက်ဆီးမှုများအား သိရှိမြင်သာစေရန် တင်ပြရမည်ဆိုလျှင်-
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ထိုးပူနှင့်ဆားမှော်အကြား မိုင်တိုင်အမှတ် ၆၇၈/၁၁ နှင့် ၁၂ ကြားတွင် ကေအိုင်အေအဖွဲ့မှ ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့ကြပါသည်။ KIA အဖွဲ့ သည် မြန်မာအစိုးရစစ်တပ်မှ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်သည်ဟု သတင်းအမှားများထုတ်လွှင့်ကာ ပြောဆိုခဲ့သော် လည်း ဖောက်ခွဲမှုကြောင့် ရထာလမ်းဘေးတွင် သေဆုံးနေသော KIA ယူနီဖောင်းဝတ် စစ်သားနှစ်ဦးမှာ KIA အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း ပြည်သူများ မြင်တွေ့နိုင်ရန် ထာဝရဘုရားသခင်မှ ဒဏ်ခတ်ခဲ့ခြင်းပင်ဖြစ်ပါသည်။
ရထာလမ်းဘေးတွင် သေဆုံးနေသော KIA ယူနီဖောင်းဝတ် စစ်သားနှစ်ဦး

၂၀၁၁ ခုနှစ် ၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် မိုးကောင်း- မန္တလေးသွား မီးရထားလမ်းအား KIA အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့ပါသည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ကိုယ်တိုင်မှ “KIA တပ်တွေအနေနဲ့ မြန်မာအစိုးရ စစ်တပ်များအား စစ်ရေးအရှိန်မြင့်တင်ရုံမကဘဲ အရင်ကထက် ပြင်းထန်သော ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ အား တိုးမြှင့်လုပ်ဆောင်သွားရန်”
ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါသည်။

KIA အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့သော မိုးကောင်း- မန္တလေးသွား မီးရထားလမ်း

မြန်မာအစိုးရစစ်တပ်များ သွားလာရာလမ်းကြောင်းများတွင် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်စေရန် မိုင်းထောင် ခြင်းများ ပြုလုပ်ထားရှိသော်လည်း အမှန်တကယ်ထိခိုက်သူများမှာ ပြည်နယ်အတွင်း ရိုးသားစွာလုပ်ကိုင်စား သောက်နေကြသော ဒေသခံပြည်သူများပင် ဖြစ်ပါသည်။ (၂၆-၁၁-၂၀၁၁)ရက်နေ့တွင် ကာမိုင်း-မအူပင် (၆)မိုင် ဖြတ်လမ်းဘေးတွင် ကေအိုင်အေအဖွဲ့မှ ထောင်ထားသောမိုင်းအား နင်းမိ၍ ခြေထောက်ပြတ်သွားသော ရေကာတာကျေးရွာမှမစန်းစန်းအား ပုံနှင့်တကွတွေ့မြင်နိုင်ပါသည်။ KIAအဖွဲ့မှ မဆင်မခြင် မိုင်းထောင်ဖောက်ခွဲမှု ကြောင့် ဒေသခံများမှာ တောင်ယာလုပ်ငန်းများအား ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ စီးပွားရေးကျပ်တည်း နေခဲ့ရပါသည်။

ကေအိုင်အေအဖွဲ့မှထောင်ထားသော မိုင်းအားနင်းမိ၍ ခြေထောက်ပြတ်သွားသော ရေကာတာကျေးရွာမှမစန်းစန်း


ဒါ့အပြင် KIA အဖွဲ့သည် (၁၆-၁၀-၂၀၁၁) ရက်နေ့တွင် လုံးခင်၊ဖားကန့်၊ဆိပ်မူ ရတနာမြေများတွင်ရှိသော ကုမ္ပဏီများ၊ ကုန်စုံဆိုင်များ၊ စက်သုံးဆီဆိုင်များအား လစဉ်ဆက်ကြေးကောက်ခံမှုများပြုလုပ်နေပြီး တစ်လလျှင် ကုမ္ပဏီများသည် သိန်း (၂၀၀) မှ သိန်း (၅၀၀)ထိ၊ ကုန်စုံဆိုင်များသည် (၅)သိန်းမှ (၁၀)သိန်းအထိ ၊စက်သုံးဆီ ဆိုင်များသည် (၁)သိန်းမှ (၅)သိန်းအထိ ကောက်ခံခဲ့ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် လူနေမှုဘ၀ရပ်တည်ရေးအတွက် ပုံစံအမျိုးမျိုးဖြင့် ရုန်းကန်လုပ်ကိုင်စားသောက်နေရချိန်တွင် KIA အဖွဲ့များအနေဖြင့် လက်နက်ကိုင်ကာ ဒေသခံပြည်သူများထံမှ ငွေကြေးကောက်ခံ ရှာဖွေနေကြပါသည်။ လက်လုပ်လက်စား မိသားစုများအနေဖြင့် များစွာဆင်းရဲဒုက္ခရောက်ရသည့်အပြင် KIAအဖွဲ့အား ဆက်ကြေးပေး ဆောင်ရသဖြင့် ဆင်းရဲတွင်း နစ်သထက်နစ်နေခဲ့ရပါသည်။

ဝိုင်းမော်-ကံပိုက်တီး သွားလမ်းပေါ်တွင် KIAတပ်ဖွဲ့မှ လူစီးယာဉ်များနှင့် ကုန်ပစ္စည်းတင်ဆောင်လာသော ကားများအား ငွေကြေးတောင်းခံခြင်းများပြုလုပ်ပြီး ကားလေးတစ်စီးလျှင် ငွေကျပ်(၁)သောင်းနှင့် ကုန်ကား တစ်စီးလျှင် (၁)သိန်း တောင်းခံသောကြောင့် ကုန်သည်များအနေဖြင့် ၄င်းတို့၏ကုန်ပစ္စည်းများ အရူံးမပေါ်စေရန် လမ်းခရီးတွင် ကုန်ကျသည့်ငွေကြေးအား ထည့်သွင်းရောင်းချသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်လာခဲ့ ပါသည်။
KIAအဖွဲ့အနေဖြင့် ပြည်နယ်လွတ်မြောက်ရေးအကြောင်းပြကာ အစိုးရတပ်များအား စစ်ပွဲများဆင်နွှဲ ရာတွင် ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများမှ တစ်အိမ်တစ်ယောက် လူသစ်စုဆောင်းခံကြရပါသည်။ ညဘက် များတွင် ရွာများအားလာရောက်ကာ အတင်းအဓ္ဓမလူသစ်စုခြင်းကြောင့် ရွာသားများသည် ညဘက်ရောက်လျင် တောင်ယာထဲသို့ သွားရောက်အိပ်ရပါသည်။ မလိုက်ပါက ကချင်လူမျိုး သစ္စာဖောက်ဟု စွပ်စွဲမှုများပြုလုပ်ကာ ပစ်သတ်ကြပါသည်။ ကချင်လူမျိုးကောင်းစားရေးဟု ဆိုသော်လည်း ကချင်လူမျိုးများမှာ ကောင်းစားမလာဘဲ ယခုလိုဖြစ်ရပ်များကြုံတွေ့နေရကာ KIA အဖွဲ့၏ လက်နက်ကိုင်အုပ်ချုပ်မှုအောက်တွင် ဆင်းရဲဒုက္ခမျိုးစုံခံစား နေကြရပါသည်။

မြန်မာအစိုးရနှင့် KIAအဖွဲ့တို့၏တိုက်ပွဲများကြောင့် (၆)လအတွင်း မြန်မာအစိုးရထိန်းချုပ်မှုအောက် နယ်မြေများတွင် ဒုက္ခသည် (၁၅၀၀၀)ကျော်နှင့် KIO ထိန်းချုပ်သည့်ဒေသများတွင် ဒုက္ခသည် (၃၀၀၀၀)ကျော် ရှိခဲ့ပါသည်။ KIO ထိန်းချုပ်ရေးဒေသများဖြစ်သော လိုင်ဇာဒေသတွင် (၁၃၀၀၀)ကျော်၊ မိုင်ဂျာယန်ဒေသတွင် (၁၁၀၀၀)ကျော် ၊ ဆဒုံးဒေသ(တရုတ်-မြန်မာနယ်စပ်)တွင် ဒုက္ခသည် (၆၀၀၀)ကျော်ရှိပါသည်။ လိုင်ဇာမြို့ အတွင်းရှိဒုက္ခသည်များမှာ စားဝတ်နေရေးအခက်အခဲများအား KIOအဖွဲ့ချုပ်မှ ပြေလည်အောင်ဖြေရှင်းပေး နိုင်ခြင်းမရှိသည့်အတွက် တောင်းဆိုမှုများ ပြုလုပ်လျှက်ရှိပါသည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ဒုက္ခသည်များ အတွက် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့သော်လည်း လက်ခံခဲ့ခြင်းမရှိသည့်အတွက် ဒုက္ခသည်များ၏ ဘ၀ကို ကြည့်ကောင်းကောင်းဖြင့် ကြည့်နေနိုင်သူများပင်ဖြစ်ပါသည်။
ဒုက္ခသည်များအား ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့မှုများ လုံလုံလောက်လောက် ပြုလုပ်နေသော်လည်း ဒုက္ခသည်များလက်ဝယ်သို့ အကူအညီများအပြည့်အ၀ မရရှိခဲ့ကြပါ။ ကချင်လွတ်မြောက် ရေးအဖွဲ့ KIA ခေါင်းဆောင်များ၏ ချုပ်ချယ်ကွပ်ကဲမှုကြောင့် ဒုက္ခသည်များသည် အစားဆင်းရဲ၊အနေဆင်းရဲဖြင့် နေကြရပါသည်။ KIA ခေါင်းဆောင်ပိုင်းများအား ရသမျှစုဆောင်းပြီး အပွကြံနေကြသူများဟုလည်း ပြောဆိုနေကြ ပါသည်။ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခံနေရသည့် အသိဥာဏ်နည်းပါးသော ဒုက္ခသည်များ၏ဘ၀ကို စာနာမိ ပါသည်။

ကချင်ပြည်နယ်အတွင်းရှိစစ်ဘေးဒုက္ခသည်များ

(၁၇-၁-၂၀၁၂)တွင် KIA အဖွဲ့မှ သွားလာခွင့်ပိတ်ထားသော ကာမိုင်း-လုံးခင်-ဖားကန့် နှင့် ကံပိုက်တီး ကားလမ်းများအား ငြိမ်းချမ်းရေးဆွေးနွေးမှုကြောင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့သဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင် မှုများမှာ ပုံမှန်အတိုင်းဖြစ်ပေါ်လာကာ စားသောက်ကုန်ပစ္စည်းဈေးနှုန်းများ ပြန်လည်ကျဆင်းသွားသဖြင့် ဒေသခံပြည်သူများအနေဖြင့် များစွာဝမ်းမြောက်နေကြပါသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)အတွင်းရှိ ခေါင်းဆောင်ကြီးများအနေဖြင့် အာဏာယစ်မူးကာ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်းအား ရှောင်လွဲပြီး ၄င်းတို့၏အကျိုးစီးပွာအတွက်သာ လုပ်ဆောင်နေခဲ့ ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံများ၏ အကျပ်အတည်း ၊ အခက်အခဲ ၊ လူနေမှုဘ၀နိမ့်ကျနေခဲ့ ရသည့် ဒုက္ခဆိုးများအား အနည်းငယ်မျှပင် စောင်းငဲ့မကြည့်ဘဲ ငြိမ်းချမ်းရေးလိုလားသယောင်ပြုလုပ်နေပြီး မိမိတို့၏အတ္တများကိုသာ ဦးစားပေးနေသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)၏ လုပ်ရပ်များသည် ကချင် ပြည်နယ်သားများအပေါ် ငဲ့ညှာမှုမရှိသည်မှာ ပေါ်လွင်နေပါသည်။ ၄င်းတို့၏ အကျိုးစီးပွားအတွက် အာဏာ ယစ်မူးကာ လက်နက်ကိုင်အုပ်ချုပ်မှုအား မစွန့်လွှတ်ချင်သော အဖွဲ့အစည်းတစ်ခုသာဖြစ်ကြောင်း ကျိန်းသေ သတ်မှတ်ရတော့မည်ပင်ဖြစ်ပါသည်။ ကချင်ပြည်သူ/ပြည်သားများအနေဖြင့် ငြိမ်းချမ်းရေးအား အမှန်တကယ် ရရှိရန် ၀မ်းသာအားရကြိုဆိုနေချိန်တွင် KIA ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးကိုအယောင်ပြပြီး ကိုယ်ကျိုး စီးပွားကို ရသမျှယူနေဦးမည်ဆိုသည်ကို ကချင်ပြည်သူ/ပြည်သားများ အားလုံးကို သိစေချင်ပါသည်။
Unknown at 9:19 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.