Wednesday, February 15, 2012

စတီးချိုင့်




လူသုံးများတဲ့ မြင်းကျားတံဆိပ် စတီးချိုင့်

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ပြည်တော်ပြန်တဲ့အခါ အိမ်အတွက်၊ လက်ဆောင်ပေးဖို့အတွက် သယ်သွားကြတဲ့ပစ္စည်းကတော့ မြင်းကျားတံဆိပ် စတီးချိုင့်ပါပဲ တဲ့။
ဘန်ကောက်ပို့စ် http://www.bangkokpost.com/business/economics/278609/steely-resolve မှာ ရေးထားတာပါ။

"ကျနော်တို့လုပ်တဲ့ ထမင်းချိုင့်က မြန်မာပြည်က အလုပ်သမားတွေကြားထဲမှာ အရမ်း ပေါ်ပြူလာဖြစ်ပါတယ်။ အိမ်ပြန်ရင် သူတို့ တလုံးနှစ်လုံးလောက်တော့ ၀ယ်သွားကြတာပဲ" တဲ့။ မီးဖိုဆောင်သုံး မြင်းကျားတံဆိပ် စတီးပစ္စည်း ထုတ်လုပ်ရေးက ဒုတိယ အမှုဆောင်အရာရှိချုပ် Ekachai Youngvanich က သို့ကလို ခပ်ကြွားကြွား ဆိုလာပါတယ်။

ပစ္စည်းတခု နာမည်ကြီးရင် အင်တွေ ပေါ်လာတဲ့ ထုံးစံအတိုင်း မြင်းကျားတံဆိပ် စတီးချိုင့်လည်း အင်တွေ ရှိတယ်။ အင်တွေက ဈေးပိုသက်သာတယ်၊ မြန်မာပြည်မှာဝယ်နိုင်တယ်၊ မြင်းကျားကိုယ်စားလှယ်တွေကတောင် ဖြန့်ပေးတာ ရှိတယ် တဲ့။

"၀ယ်တဲ့သူတွေကတော့ သိပါတယ်ဗျာ၊ ဘယ်ဟာက မြင်းကျားတံဆိပ် အစစ်လည်း ဆိုတာ၊ ဒီတော့ကာ သူတို့ ကြိုက်တာကို သူတို့ဝယ်ရုံပေါ့။ ဒီလိုဖြစ်နေတာကို ကျနော်တို့ သိပါတယ်။ ပုံမှန်အားဖြင့်တော့ ပစ္စည်းအတုတွေ ဗြောင်ရောင်းတာမျိုး မလုပ်ဖို့ပဲ သတိပေးနိုင်တာပေါ့လေ" လို့ Ekachai Youngvanich က ဆိုပါတယ်။

Rayong ခရိုင်ထဲက စက်ရုံကနေ စတီးပစ္စည်းတွေ ထုတ်နေတာ အလျဉ်မမီနိုင်အောင်ပါပဲ တဲ့။ အရောင်းသွက်လွန်းလို့တော့ မဟုတ်ပါဘူး၊ စက်ရုံဝန်ထမ်းအင်အား နည်းလာလို့ပါ တဲ့။ လက်ရှိ ၀န်ထမ်း ၇၀၀ ၀န်းကျင် ခန့်ထားပေမယ့် သိပ်မကြာခင် တချို့ခရိုင်တွေက နေ့တွက်ခ ဘတ် ၃၀၀ (၁၀ ဒေါ်လာ) ပေးကြတော့မှာဆိုတော့ စက်ရုံကနေ အနည်းနဲ့အများ ထွက်ကြဖွယ်ရှိတဲ့သဘောပါ။

ဒါကြောင့် အထွက်တိုးဖို့ အလုပ်ကို ၂ ဆိုင်း ခွဲလုပ်မယ်၊ စက်ရုပ်တွေ ဆင်နေပြီ ဆိုပဲ။ နောက်ထပ် မှတ်သားစရာကောင်းတဲ့အချက်ကတော့ အနာဂတ်မှာ စက်ရုံလည်ပတ်ဖို့ နေရောင်ခြည်စွမ်းအင်သုံးရေး စဉ်းစားနေတယ်၊ လောလောဆယ် မီတာခ သက်သာအောင် လျှပ်စစ်ဓာတ်အားသိပ်မဆွဲတဲ့ မီးချောင်းတွေ ပြောင်းပြီး သုံးနေတယ် တဲ့ အဲဒီ မြင်းကျားတံဆိပ် စတီးပစ္စည်း စက်ရုံမှာ။

ဒီသတင်းမှာ ရေးထားချက်အရဆိုရင် နယ်စပ်လမ်းကြောင်းတွေ ဖြစ်တဲ့ ဘုရားသုံးဆူ၊ မြ၀တီ-မဲဆောက်ကို ဖြတ်ပြီး မြင်းကျားတွေ မြန်မာပြည်ဘက်သွင်းနေတာ အနှစ် ၃၀ ကျော်လာပါပြီ။

စတီးချိုင့် တံဆိပ်စုံရှိတဲ့ထဲက မြင်းကျားတံဆိပ်က မြန်မာတွေနဲ့ ပိုပြီးရင်းနှီးပါတယ်။ ဒန်၊ ပလပ်စတစ်၊ မယ်လမင်းတို့နဲ့ လုပ်ထားတဲ့ ချိုင့်တွေထက် ပိုခိုင်ပြီး၊ ဆွဲဆောင်မှုရှိ၊ ဈေးကြီးတဲ့ စတီးချိုင့်ကို ဆွဲပြီး စတိုင်ကျကျ ကျောင်းသွား ရုံးသွားကြသူတွေ မနည်းပါဘူး။

ဈေးမသေးတဲ့ လူသုံးကုန်ပစ္စည်းဖြစ်တာကြောင့် ငွေလိုတဲ့အခါ အပေါင်ဆိုင်သွားရင် ဒီစတီးချိုင့်က အထိုက်အလျောက် အားကိုးရတာပါပဲ။

အိမ်အတော်များများရဲ့ ဧည့်ခန်း မှန်ဗီရိုထဲ ထည့်ထား အလှပြထားတတ်တာလည်း ဒီစတီးချိုင့်ပဲ မဟုတ်လား။

ဒီစာစုလေးရေးပြီး တင်မယ်ဆိုတော့ ဓာတ်ပုံတပုံ လိုတယ်။ ထမင်းစားခန်းထဲ သွားကြည့်လိုက်တော့ စားပွဲပေါ်မှာ စတီးချိုင့်က အိနြေ္ဒရရ ရှိနေတယ်။ ဟုတ်ပါတယ်။ မြင်းကျားတံဆိပ်ပါ။ ဒါနဲ့ပဲ ဒီချိုင့်ကို ဓာတ်ပုံရိုက်ပြီး ဒီစာစုနဲ့ တွဲတင်လိုက်ပါတယ်။
Unknown at 3:46 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.