Saturday, February 4, 2012

သံသေသည့် လက်ပံဖြူပင်အရောင်းအ၀ယ်လုပ်ရန် လူအများစိတ်ဝင်စား

လက်ပံဖြူပင်တစ်ပင်နှင့်လက်ပံဖြူပွင့်အားတွဲလျက်တွေ့ရစဉ်။ ရိုးရိုးလက်ပံမှာ ပွင့်ဆံအနက်ရောင်အနီရောင်ဖြစ်သော်လည်း လက်ပံဖြူမှာပွင့်ဆံအဖြူရောင်ဖြစ်သည်။
ဓာတ်ပုံ - အောင်ရှင်
သံသေသည်ယူဆထားသောလက်ပံဖြူပင်တစ်ပင်ကိုမကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊
အောက်အိုရွာရှိတောတွင်းတစ်နေရာတွင် တွေ့ရှိရပြီး လေ့လာစမ်းသပ်မှုများအရ သံသေသည်ဟုယူဆရသည့်အဆိုပါလက်ပံဖြူပင်ကိုသိန်းပေါင်းများစွာဖြင့် အရောင်းအ၀ယ် ပြုလုပ်ရန်လူအများစိတ်ဝင်စားနေကြောင်းသိရသည်။
"ဒီလက်ပံဖြူပင် ၀ယ်ဖို့ စိတ်ဝင်စားတဲ့ သူတွေ ခဏခဏလာပြီး စမ်းသပ်ကြတယ်။ အဲဒီထဲက လက်ပံဖြူပင်တစ်ပင်ကို သံရိုက်ပြီး စမ်းသပ်တာ စမ်းသပ်တိုင်း အောင်တယ်။ သံသေတယ်ပေါ့။ အဲဒါ အနီးအနားရွာတစ်ရွာက လူတစ်ဦးက အဲဒီလက်ပံဖြူပင်ကို သိန်း ၅၀ ပေးပြီး ၀ယ်ထားတယ်"ဟု အောက်အိုကျေး ရွာသားတစ်ဦးက ပြောသည်။
အဆိုပါ လက်ပံဖြူပင်မှာ အောက်အို ကျေးရွာမှ နှစ်မိုင်ခန့်ဝေးသော တောတွင်းတစ်နေရာတွင်ရှိပြီး၊ အပင်ပိုင်ရှင် ဖြစ်သူသည် ၀ယ်သူများ မကြာခဏ လာရောက်စမ်းသပ်ခဲ့သော်လည်း တစ်ခါမှ ဈေးမတည့်ခဲ့ရာမှ ပြီးခဲ့သည့်လအတွင်း လူတစ်ဦးမှ ပထမဆုံးအကြိမ်းသိန်းငါးဆယ်ပေး သည့်အတွက် ဈေးအတည် ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
"အပင်သက်တမ်းက နှစ် ၁၀၀ လောက်ရှိရောပေါ့။ ကျွန်တော်ပဲ ဒီတော ၀ိုင်းထဲရောက်တာ နှစ် ၄၀ လောက်ရှိ ပြီ။ ကျွန်တော့မိဘတွေလက်ထက် က တည်းက ဒီလက်ပံဖြူပင်ရှိခဲ့တာ။ အားလုံးလက်ပံဖြူပင် ခုနစ်ပင်ရှိတယ်။ သံရိုက်ပြီးစမ်းသပ်တော့ ဒီတစ်ပင်က အောင်တယ်"ဟု လက်ပံဖြူပင်ပိုင်ရှင်က ပြောသည်။
အတိအကျ မသိရသော်လည်း သံ သေလျှင်အစွမ်းထက်သည်ဟု လူအများ ယုံကြည်ကြသည့်အတွက် သိန်း ၅၀ ဖြင့် ၀ယ်ယူထား သူက ကျပ်သိန်းပေါင်းများ စွာဖြင့် ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျပ်သိန်း ၅၀ ဖြင့် အရောင်းအ၀ယ် တည့်ထားသည့် အဆိုပါလက်ပံဖြူပင်အား နေ့ညအစောင့်များချထားပြီး၊ ကျပ် သိန်းပေါင်း များစွာဖြင့် အရောင်းအ၀ယ် ဖြစ်ရန် ရန်ကုန်နှင့် မန္တလေးမှ လူတချို့ လာရောက် လေ့လာကြည့်ရှုပြီးဖြစ်ကြောင်းလည်း သိရသည်။
ဇန်န၀ါရီလ ၂၅ ရက်နေ့က အဆိုပါလက်ပံဖြူပင်အား သွားရောက်ကြည့်ရှုခဲ့ရာတွင် အပင်ခြေရင်းတွင် အုန်းပွဲ၊ ငှက်ပျောပွဲများဖြင့် ပူဇော်ထားသည်ကို တွေ့ခဲ့ရသည်။
ကျပ်သိန်း ၅၀ ဖြင့် ၀ယ်ယူထားသူက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ၏ နာမည်အကြီးဆုံးသူဌေးကြီးတစ်ဦးထံ ဆက်သွယ် ကမ်းလှမ်း ထားကြောင်းလည်း သိရသည်။
"ဒီလက်ပံဖြူပင်က ကြာပြီ။ ဒီအတိုင်း ရှိနေတာ။ လူတွေကလည်းစိတ်ဝင်စား တော့ ခဏခဏလာကြည့်ကြတယ်။ လွန်ခဲ့တဲ့ ၁၄ နှစ် လောက်ကတည်းက လက်ပံဖြူပင် လိုက်ရှာတဲ့သူတွေ ဒီအပင် ကို တွေ့ခဲ့တာ။ လက်ပံဖြူဆိုတဲ့သဘော က အမြဲတမ်းအောင်တာ မဟုတ်ဘူး။ နတ်ကြီးတယ်။ အပင်ကို အမျိုးသမီးထိရင်မကြိုက်ဘူး။ 'သံသေတစ်ဆွေ ပြဒါး သေတစ်ပြည်ဝ' ဆိုတဲ့စကားပုံရှိတယ်။ ဘယ်လောက် အတိအကျအစွမ်းထက် တယ်ဆိုတာတော့ မသိရသေးဘူး"ဟု လက်ပံဖြူပင်စိတ်ဝင်စားသူ ကျေးရွာ သားတစ်ဦးက ပြောသည်။
မြန်မာ့ တိုင်းရင်းဆေးကျမ်းများတွင် လက်ပံဖြူပင်မှာ ရှားပါးအပင်တစ်မျိုးဖြစ် ပြီး လက်ပံဖြူအပွင့်၊ အခေါက်နှင့် အစေးတို့မှာ ဆေးဖက်ဝင်ပြီး အထူးသဖြင့် ဆီးရောဂါနှင့် အမျိုးသမီးများအဖြူဆင်း သည့် ရောဂါများပျောက်ကင်းနိုင်သည် ဟု နေပြည်တော်ရှိ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
"လက်ပံဖြူပင်ဆိုတာ ဆေးဖက်ဝင်တယ်လို့ကြားဖူးတယ်။ စန္ဒကူးတို့၊ ကရမက်တို့လို ရှားပါးအပင်မျိုးပေါ့။ လက်ပံ ပင်တစ်သိန်းမှာ တစ်ပင်တွေ့ရခဲတယ်" ဟု သစ်တောဝန်ထမ်းတစ်ဦးကလည်း ပြောသည်။
အောင်ရှင်(မြန်မာ့တိုင်းမ်)
Unknown at 9:39 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.