Wednesday, February 15, 2012

ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးနှင့် အရအသုံးဆိုင်ရာ ဥပဒေကြမ်းများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လွှတ်တော်၌ဆွေးနွေးမည်


ပြည်ထောင်စု အစိုးရအဖွဲ့မှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ၂၀၁၂ ခုနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ၂၀၁၂-၂၀၁၃ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်တွင် စတင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း  သိရှိရသည်။ ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၊ ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုအစိုးရ အဖွဲ့ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များအား ဆွေးနွေးအကြံပြုရန် ဖိတ်ကြားခဲ့သည်။ “ပြည်ထောင်စုလွှတ်တော် ရုံးအဖွဲ့ကနေ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေထံ ဘတ်ဂျက် ခွဲဝေသုံးစွဲရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ထုတ်ပြန်ပေးထားတာ ရှိပါတယ်။ ၂၀၁၂ ခုနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအတွက် အဆိုတင်သွင်းမှုကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ နောက်ဆုံးထားပြီးလည်းကောင်း၊ ၂၀၁၂ ခုနှစ် ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းအတွက် အဆိုတင်သွင်းမှုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းဖို့ ညွှန်ကြားထားပါတယ်။ ဒါတွေပြီးလို့ နောက်သုံးရက်ကြာရင် ပြည်ထောင်စုလွှတ်တော်မှာ ဘတ်ဂျက်ဥပဒေတွေနဲ့ ပတ်သက်ပြီး စတင်ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် အများစုဟာ ဘဏ္ဍာရေး ကျွမ်းကျင်သူ ပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ မဟုတ်ပါဘူး။ ဟိုခေတ် ၁၉၄၈ ကနေ ၁၉၆၂ ပါလီမန်မှာ အခုလို ၀န်ကြီးဌာနတွေက အသုံးစရိတ်တင်ရင် လွှတ်တော် ကိုယ်စားလှယ်တွေက ဖြတ်တောက်ရေးအဆို တင်လေ့ရှိတယ်။ အထူးသဖြင့် အတိုက်အခံ အမတ်တွေပေါ့။ ဘာလို့ ဖြတ်တောက်လဲဆိုရင် ဥပမာ အဲဒီကာလမှာ လူသတ်မှုတွေ၊ ခိုးမှုတွေ၊ မုဒိန်းမှုတွေ များတယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။ ဒါ့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနကို တစ်ကျပ် ဖြတ်တောက်ရေးအဆိုကို တင်လေ့ရှိတယ်။ အခုလွှတ်တော်မှာ အဲဒီလို ဖြတ်တောက်ရေး အဆိုတွေကို အခုအချိန်အထိ အစီအစဉ်ထဲမှာ မတွေ့ရသေးဘူး။ အဲဒီတော့ ပညာရှင် ဆွေးနွေးနည်းနဲ့ ဆွေးနွေးမလား။ လူထုဆန္ဒ၊ ပြည်သူ့ဆန္ဒ ရပ်တည်ချက်ကို ကိုယ်စားပြုပြီး ဆွေးနွေးမလား ဆိုတာတော့ အခု ဘတ်ဂျက် လွှတ်တော်မှာ အဖြူအမဲ သဲသဲကွဲကွဲ သိရမှာပါ။ အစိုးရကနေ ပြည်သူတွေကို ဘဏ္ဍာငွေ ဘယ်လောက်ရလို့ ဘယ်လောက် သုံးတယ် ဆိုတာကို မတင်ပြခဲ့တဲ့နှစ်တွေက နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တဲ့အတွက် အခုလို တင်ပြတာကိုပဲ လွှတ်တော်နိုင်ငံရေးကြောင့် ပေါ်ပေါက်လာတဲ့ ရလဒ်လို့ သဘောထားပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:55 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.