Saturday, February 11, 2012

သံတွဲမြို့ ဒွါရာဝတီဈေးကြီး မီးလောင်

ရခိုင်ပြည်နယ် သံတွဲမြို့ 
ယနေ့နံနက် ၅ နာရီခွဲဝန်းကျင်မှ့  ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရာဝတီဈေးကြီးတွင် မီးစတင်လောင်ကျွမ်းခဲ့ရာ ၄ နာရီနီးပါးအကြာ တွင်မှ မီးငြိမ်းသတ်နိုင်သော်လည်း ဆိုင်ခန်းအားလုံးနီးပါး လောင်ကျွမ်းသွားကြောင်း သိရှိရသည်။

ဒွါရာဝတီဈေးကြီးတွင် ဆိုင်ခန်း အရေအတွက် ၈၀၀ ၀န်းကျင်ရှိကာ ကုန်ခြောက်တန်းဘက်မှ မီးစတင်လောင်ကျွမ်းသည်ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများပြောဆိုချက်အရ သိရသော်လည်း မည်သည့်အကြောင်းကြောင့် လောင်ကျွမ်းသည်ကိုမူ စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။

နံနက် ၅ နာရီခွဲသာသာတွင် မီးစတင်လောင်ကျွမ်းသည်ကို မြင်တွေ့သူများက မီးသံချောင်းများ ခေါက်ကာ နှိုးဆော်ကြပြီးနောက် မိနစ်အတန်ကြာမှ မီးသတ်ကားစတင်ရောက်လာသည်ဟု ဈေးအနီးနေထိုင်သူတဦးက ဆိုသည်။
ဒီဇင်ဘာလကုန်တွင် ဈေးကြီးအတွင်း လျှပ်စစ်မီးလိုင်းများ ပြန်လည်သွယ်တန်း ပြင်ဆင်ခြင်းပြုလုပ်ခဲ့သည်ဟု ဈေးသူဈေးသား များ၏ ပြောဆိုချက်အရသိရသည်။ သံတွဲဈေးသည် အထည်၊ ကုန်စုံဆိုင်၊ ကုန်ခြောက် စားသောက်ကုန်များ ရောင်းချသည့် သံတွဲမြို့၏ အကြီးဆုံးဈေးဖြစ်သည်။

မီးစတင်လောင်ကျွမ်းပြီးနောက် နာရီဝက်ဝန်းကျင် ပထမဆုံး မီးသတ်ကား ရောက်ရှိလာသော်လည်း ရေစုပ်ဖို့ အခက်အခဲကြုံတွေ့နေရသဖြင့် ဈေးသူဈေးသားများနှင့် မြို့ခံများ အားမလိုအားမရ ဖြစ်ခဲ့ကြရသည်ဟု မြို့ခံတဦးကပြောသည်။

နောက်ပိုင်းတွင် သံတွဲမြို့ လေဆိပ်စီမံကိန်းမှ ရေသယ်ယာဉ်များ၊ ပုဂ္ဂလိက ရေသယ်ယာဉ်များရောက်ရှိလာကာ ကူညီသယ်ယူပေးကြသကဲ့သို့ မြို့သူမြို့သားများ၊ ခလရ ၅၅ နှင့် ၅၅၆ မှ တပ်မတော်သားများလည်း ရောက်လာကာ ရေ၀ိုင်းကူသယ် ပက်ပေးခဲ့ကြသည်။

ဈေးဝင်းအတွင်းရှိ ဂါလံ ၂ ထောင်ကျော် ၃ ထောင်ဆန့်သည့် ရေစင်မှရေဖြင့် ပက်ဖြန်းရန်ကြိုးစားသော်လည်း ရေစင်တွင်ရေမရှိသည့် အဖြစ်နှင့်ကြုံတွေ့ရသည်ဟု လည်းမြို့ခံများကပြောသည်။

လွန်ခဲ့သည့် နှစ်ကုန်ပိုင်းကလည်း မင်းပြားဈေးကြီး မီးလောင်ကျွမ်းခဲ့သလို သီတင်းပတ်အနည်းငယ်က တောင်ကုတ်ဈေးမီးလောင်ကျွမ်းခဲ့သေးသည်။    ။
သံတွဲ၊ ဖေဖေါ်ဝါရီ ၁၁၊ YPI
Unknown at 11:46 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.