Friday, January 27, 2012

ကျောင်းသားလေးကို ဖမ်းဆီးရိုက်နှက် လက်ပြန်ကြိုးတုပ် ထားခဲ့တဲ့ ကျောင်းအုပ်ကြီးဦးဌေးလွင် ကို အမှုဖွင့် အရေးယူ

တိရိစ္ဆာန်ကဲ့သို့ ကြိုးတုတ်ရိုက်နှက်ခံရတဲ့ ကျောင်းသားမောင်ပြည့်စုံ(၁၂)နှစ်

လူငယ်တစ်ဦးအား ဖမ်းဆီးကာ ရိုက်နှက်၍ ကျောင်းဝရန်တာတွင် လက်ပြန်ကြိုး တုပ်ထားခဲ့သည်ဆိုသော သင်္ဃန်းကျွန်း မြို့နယ် အမက(၂၀)မှ ကျောင်းအုပ်ကြီး ဦးဌေးလွင် (၄၉ နှစ်)၊ ကျောင်းစောင့် နေလင်းအောင် (၃၄ နှစ်)နှင့် ဦးစိန်ထွန်း (၄၇ နှစ်)တို့အပေါ် ဖခင်ဖြစ်သူ၏ တိုင်တန်းချက်အရ သင်္ဃန်းကျွန်းရဲစခန်းက (ပ) ၅၈ / ၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂၊ ၃၂၅ / ၁၁၄ အရ ဇန်န၀ါရီ ၁၄ ရက်နေ့တွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အမှုဖြစ်ပွားပုံမှာ သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်၊ သမာဓိ (၁) လမ်းသွယ်နေ ဦးအုံးညွန့် (၅၁ နှစ်) သည် ၁၄-၁-၁၂ နေ့ည ၇ နာရီခန့်အချိန် နေအိမ်သို့ပြန် ရောက်စဉ် သားဖြစ်သူ မောင်ပြည့်စုံ (၁၂ နှစ်) (အထက ၁ ) ခုနစ်တန်းကျောင်းသားမှာ စံပြဆေးရုံကြီး တွင် အတွင်းလူနာအဖြစ် တင်ထားရကြောင်း သိရ၍ သွားရောက်မေးမြန်းသည်။
၁၄-၁-၁၂ နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် သားဖြစ်သူ မောင်ပြည့်စုံသည် မောင်ကမား၊ သားညီ၊ ဖိုးသားတို့နှင့်အတူ (အမက ၂၀) ကျောင်းအပြင်ဘက်၌ ကစားနေရာမှ ကျောင်းအုပ်ကြီးနှင့် ကျောင်းစောင့်နှစ်ဦးက မောင်ပြည့်စုံ တစ်ယောက်တည်းအား ဖမ်းဆီးကာ (အမက ၂၀) ကျောင်းဝရန်တာတွင် လက်ပြန်ကြိုးတုပ်ထားကြောင်း၊ ညနေ ၃ နာရီခွဲခန့်၌ မောင်ပြည့်စုံ၏ အစ်မဖြစ်သူ မနှင်းပွင့်ဖြူနှင့် အစ်ကို ကိုအောင်မိုးသူ တို့က ကျောင်းအုပ်ကြီးထံ သွားရောက် တောင်းပန်ပြီး ကြိုးအားဖြေ၍ခေါ်လာစဉ် လမ်းတွင် သတိလစ်၍ စံပြဆေးရုံကြီး သို့ ပို့အပ်ကာ အတွင်းလူနာအဖြစ် တင်ထားရသည်ကို သိရသဖြင့် ဖခင် ဦးအုံးညွန့်က အရေးယူပေးရန် တိုင်တန်း သည်။
ရဲတပ်ဖွဲ့က တရားလိုဦးအုံးညွန့်အား စစ်ဆေးခြင်း၊ သက်သေများဖြစ်သော မနှင်းပွင့်ဖြူ (၂၂ နှစ်)၊ မောင်အောင်သူမိုး (၂၃ နှစ်)၊ မောင်ကျော်ဇေယျ (၁၇ နှစ်)၊ ဖြိုးကိုကို (၁၁ နှစ်)၊ အောင်ဖြိုးဝေ (၁၁ နှစ်)၊ လွင်မိုးယံ (၁၈ နှစ်)၊ ရင်ဂို (၁၃ နှစ်) တို့အား စစ်ဆေးခြင်း၊ အခင်းဖြစ် အရပ်အား သွားရောက်စစ်ဆေး မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်း၊ တရားခံဖြစ်သူ (အမက ၂၀) ကျောင်းအုပ်ကြီး ဦးဌေးလွင်၊ ကျောင်းစောင့် နေလင်းအောင်၊ ဦးစိန်ထွန်းတို့အား ဖမ်းဆီးစစ်ဆေး ခံဝန်ပေးခြင်း၊ သက်သေခံပစ္စည်း ကြိုးအား သိမ်းဆည်းခြင်း၊ အမှုမှ ဒဏ်ရာရသူအား စံပြဆေးရုံ၊ ကလေးဆောင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရဲစာပေး၍ ပြန်ကြားစာရရှိရေးတို့ကိုပါ ဆောင်ရွက်ထားသည်။
အမှုမှ တရားလိုနှင့် သက်သေများ၏ အစစ်ခံထွက်ဆိုချက်အရ ကျောင်းအုပ်ကြီးနှင့် ကျောင်းစောင့်နှစ်ဦးတို့က မောင်ပြည့်စုံအား ဖမ်းဆီး၍ ကျောင်းအပေါ်ထပ်ဝရန်တာတွင် လက်ပြန်ကြိုး တုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။
ကျောင်းအုပ်ကြီးဦးဌေးလွင်အား စစ်ဆေးရာ မောင်ပြည့်စုံအား ကျောင်းဝင်းအတွင်း ၀င်လာ၍ ကျောင်းစောင့် နေလင်းအောင်နှင့် ဦးစိန်ထွန်းတို့က ဖမ်းဆီးပြီး ၀ရန်တာတွင် ကြိုးဖြင့် တုပ်ထားကြောင်း၊ ၎င်းက မောင်ပြည့်စုံ အား ကြိုးဖြင့်တုပ်ခြင်းမရှိဘဲ အမည် နေရပ်လိပ်စာအား မေးမြန်းစစ်ဆေးခဲ့ခြင်းသာဖြစ်ကြောင်း၊ ကလေး၏ အစ်ကိုနှင့် အစ်မ လာခေါ်သောအခါ ပြန်လည်အပ်နှံပေး ခဲ့ကြောင်း ရဲထံ အစစ်ခံ ထွက်ဆိုသည်။
ဆက်လက်၍ ကျောင်းစောင့် နေလင်းအောင်အား စစ်ဆေးရာ ကျောင်းအတွင်း သို့ ကလေးတစ်ဦးဝင်လာ၍ ဦးစိန်ထွန်း နှင့်အတူ ဖမ်းဆီးပြီး ကျောင်းအပေါ်ထပ် ၀ရန်တာတွင် ၎င်းကိုယ်တိုင် လက်နှစ်ဖက်ပူး၍ ကြိုးဖြင့် တုပ်နှောင်ခဲ့ကြောင်း၊ ကျောင်းအုပ်ကြီးအား ပြောပြ အပ်နှံခဲ့ကြောင်း အစစ်ခံထွက်ဆိုသည်။
ဦးစိန်ထွန်းအား စစ်ဆေးရာ နေလင်းအောင်ကဲ့သို့ပင် အစစ်ခံထွက်ဆိုသည်။
အမှုနှင့်ပတ်သက်၍ ဆေးစာအမြန် ရရှိရေး၊ ဥပဒေအကြံပြုချက် အမြန်ရရှိရေး ဆောင်ရွက်ပြီး ဥပဒေအကြံပြုချက်နှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
မင်းသုနောင်  (မြန်မာ့တိုင်းမ်)
Unknown at 1:25 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.