Tuesday, January 10, 2012

၂၀၁၁ တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆင်ဆာမဲ့အခွေများဖမ်းဆီးရရှိမှု နှစ်ဆမြင့်လာ



၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က မြန်မာ့ရုပ်ရှင် လုပ်ငန်းဝင်းထဲတွင် ဖျက်ဆီးခဲ့တဲ့ဆင်ဆာမဲ့အခွေများ။
ဓာတ်ပုံ - သက်ထူး
မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ ထုတ်ပြန်သည့် စာရင်းများအရ ၂၀၁၁
ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းရရှိခဲ့သည့် ဆင်ဆာမဲ့အခွေများ အရေအတွက်မှာ ၂၀၁၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆကျော် မြင့်တက်လာသည်ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ဗီဒီယို ဆင်ဆာအဖွဲ့မှ အတွင်းရေးမှူး ဦးရဲဝင်း က ပြောသည်။
၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့ စခန်းများမှ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေနှင့် ညီညွတ်မှုမရှိသဖြင့် သိမ်းဆည်းခဲ့သည့် မြန်မာကာရာအိုကေ၊ နိုင်ငံခြား ဗီစီဒီ၊ ညစ်ညမ်း ဗီစီဒီနှင့် ဒီဗီဒီအခွေပေါင်း ၇၉,၀၄၇ ခွေရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် တစ်နှစ်အတွင်း ဆင်ဆာမဲ့အခွေ ပေါင်း ၁၆၇,၄၅၉ ခွေရှိခဲ့သည့်အတွက် ဖမ်းဆီးရရှိသည့်အရေအတွက် နှစ်ဆ ကျော် မြင့်တက်ခဲ့သည်။
"ပြီးခဲ့တဲ့လအတွင်းက ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေနဲ့ ရုပ်ရှင်ဂီတ နယ်ပယ်က လူတွေ၊ ရဲဌာနတွေကလူတွေ တွေ့ဆုံခဲ့တဲ့အစည်းအဝေးမှာ ၀န်ကြီး ချုပ်က ရန်ကုန်တိုင်းအတွင်းမှာ ဆင်ဆာ မဲ့တွေ၊ ခိုးကူးခွေတွေ လုံးဝမမြင်ချင်ဘူး၊ ဖမ်းရမယ်လို့ ညွှန်ကြားပြီးနောက်ပိုင်း မှာ တော်တော်လေး ဖမ်းတယ်။ အရင် တုန်းက တစ်လကို ထောင်ဂဏန်း လောက်ပဲ ဖမ်းဆီးရရှိတဲ့ အခြေအနေက နေ တစ်လကို သုံးသောင်းကျော်လောက် ဖမ်းဆီးရရှိတဲ့ အနေအထား ဖြစ်လာတယ်" ဟု ဦးရဲဝင်းက ပြောသည်။
၂၀၁၁ ခုနှစ်ဒီဇင်ဘာလတွင် ပျမ်းမျှထက် ပိုမိုကာ ချပ်ရေသုံးသောင်းကျော် ဖမ်းဆီးရရှိခဲ့ပြီး အဆိုပါအခွေများကို ဒီဇင်ဘာလ ၃၁ ရက်နေ့က မြန်မာ့ရုပ်ရှင် လုပ်ငန်းဝင်းအတွင်း ထုရိုက်ဖျက်ဆီးခဲ့သည်။
"ဦးတို့ ဗီဒီယိုဆင်ဆာအဖွဲ့ကတော့ အချပ်ရေ တစ်သောင်းပြည့်တိုင်း တစ်ခါ ဖျက်ဆီးပါတယ်။ ၀န်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အပြီးမှာ ဖမ်းဆီးရရှိတာ ဒီတစ်ကြိမ် အများဆုံးပါပဲ" ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဖမ်းဆီး ရရှိလာသည့် ဆင်ဆာမဲ့အခွေများမှာ ဆင်ဆာမဲ့ညစ်ညမ်းဗီစီဒီ၊ ဒီဗီဒီများ၊ မြန်မာကာရာအိုကေ၊ မြန်မာဇာတ်လမ်း၊ လက်ဝှေ့၊ တရားပွဲ၊ စာပေဟောပြောပွဲ နှင့် နိုင်ငံခြားဇာတ်ကား ဗီစီဒီ၊ ဒီဗီဒီချပ် များဖြစ်ပြီး စုစုပေါင်းချပ်ရေ ၃၁,၁၀၃ ချပ် ဖြစ်သည်။
အဆိုပါ ဆင်ဆာမဲ့အခွေများကို ရန်ကုန်မြို့အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့ စခန်း ၂၂ ခုမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှ ချပ်ရေ ၃,၁၀၀ ဖြင့် အများအဆုံး ဖမ်းဆီးရရှိခဲ့ပြီး အနည်းဆုံးအနေဖြင့် မြောက်ဥက္ကလာပ မြို့နယ်တွင် ၁၅ ချပ်ဖမ်းဆီးရရှိခဲ့သည်။
ဆင်ဆာမဲ့ခွေဖမ်းဆီးမှုများကို ရန်ကုန် တိုင်းဒေသကြီးတွင်သာမက အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ပါ ဆက်လက် ဆောင်ရွက်နေသည်ဟု လည်း ဦးရဲဝင်းက ပြောသည်။
"ဆက်ပြီးလည်း ဖမ်းနေပါတယ်။ ရန်ကုန်တိုင်းတစ်ခုတည်းမှ မဟုတ်ပါဘူး။ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ခိုးကူးခွေတွေ ဖမ်းဆီးမယ် ဆိုရင်တော့ အခြေအနေ ပိုကောင်းမွန်သွားမှာပါ။ လုံးဝ ပပျောက်တယ်လို့တော့ မရှိနိုင်ဘူးပေါ့" ဟု ၎င်းက ပြောသည်။
Unknown at 9:27 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.