Monday, January 2, 2012

၂ဝ၁၁ ခုနှစ်အတွင်း နိုင်ငံတကာ စိတ်အဝင်စားဆုံး သတင်း ၁ဝ


အင်အားပြင်းထန်လှသော ငလျင်ကြီးကြောင့် စုနာမိလှိုင်းလုံးကြီးများ ဂျပန်ကမ်းခြေသို့ ရိုက်ခတ်လာစဉ်
၁။ ၂ဝ၁၁ ခုနှစ်အတွင်း ကမ္ဘာ တစ်ဝန်းမှ စိတ်အဝင်စားဆုံး သတင်းမှာ ဘင်လာဒင်ကို အသေဖမ်းမိခြင်း ပင်ဖြစ်ကြောင်း အေပီသတင်းဌာန အပါအဝင် နိုင်ငံတကာ သတင်း ဌာနအချို့၏ စစ်တမ်း ကောက်ယူချက်များအရ သိရသည်။ ယင်းကပင်လျှင် အကြမ်းဖက် ဝါဒနှင့် အစွန်းရောက် ဝါဒတို့ကို ကမ္ဘာတစ်ဝန်းက မည်မျှမုန်းတီးရွံရှာ နေကြကြောင်း ခိုင်မာသည့် အထောက်အထားတစ်ခုပင် ဖြစ်တော့ ၏။ ဘင်လာဒင်သည် အမေရိကန် တစ်နိုင်ငံတည်း၏ ရန်သူမဟုတ်။ နိုင်ငံတကာ၏ ရန်သူတစ်ဦးဖြစ် သလို ဘင်လာဒင်ကဲ့သို့သောသူ အားလုံးသည်လည်း နိုင်ငံတကာ၏ ရန်သူများပင် ဖြစ်တော့သည်။ ဘင်လာဒင်အားအသေဖမ်းမိကြောင်း ကို အမေရိကန်သမ္မတ အိုဘားမားက မေလ ၁ ရက်နေ့က ကမ္ဘာသို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
၂။ ဘင်လာဒင်ကို အသေမိခြင်းထက် စောသော်လည်း ကမ္ဘာတစ်ဝန်း စိတ်အဝင်စားဆုံး သတင်းများအနက် ဒုတိယလိုက်သည့် သတင်းမှာ ဂျပန်ငလျင်ကြီးသတင်း ပင်ဖြစ်၏။ ပြင်းအား ၉ ဒသမ ၁ ရှိသော ငလျင်ကြီးတစ်ခု ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းခြေတွင် လှုပ်ခတ်သွားခဲ့သည်။ လူဦးရေ ၁၅၈၄ဝ ခန့်သေဆုံးခဲ့ပြီး၊ ၃၉၂၆ ဦးခန့် ပျောက်ဆုံးခဲ့သည်။ ငလျင်ကြောင့် နျူကလီးယားစက်ရုံများပါ ထိခိုက် ပေါက်ကွဲမှုများဖြစ်ခဲ့သည်။ သို့ရာတွင် ဂျပန်အစိုးရသည် အဆိုပါ အဖြစ်ဆိုး၏ အကျိုးဆက် များကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့သဖြင့် တစ်လအတွင်း ပုံမှန်အခြေအနေသို့ ပြန်ရောက်ခဲ့သည်။ အဆိုပါ ဂျပန် ငလျင်ကြီးကြောင့် ဆူနာမီအရေးပေါ် ကြေညာချက်များ ကမ္ဘာ့နိုင်ငံ ၅ဝ ခန့်တွင် ကြေညာခဲ့ရသည်။
၃။ ၂ဝ၁၁ ခုနှစ် နှစ်စပိုင်းတွင် ဖြစ်ပွားခဲ့သော အာရပ်နွေဦး အုံကြွ မှုများမှာမူ ကမ္ဘာတစ်ဝန်း စိတ်အဝင်စားဆုံး သတင်းများအနက် တတိယလိုက်၏။ ယင်းကို အာရပ် နိုးကြား ခြင်းဟုလည်း လူသိများသည်။ အရှေ့အလယ်ပိုင်းနိုင်ငံ တစ်ခု ဖြစ်သော တူနီးရှားဝယ်လမ်းဘေး ဈေးရောင်းသူ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေ ခြင်းမှ စလိုက်သော လှုပ်ရှားမှုသည် အရှေ့ အလယ်ပိုင်းရှိ အာရပ်နိုင်ငံအချို့ ဖြစ်သော အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ အီဂျစ်၊ ဂျော်ဒန်နှင့် ယီမင် နိုင်ငံများဆီသို့တိုင်အောင် ကူးစက် သွားခဲ့သည်။ အာဏာရှင်အစိုးရများ ပြုတ်ကျသွားခဲ့ကြသည်။ လှုပ်ရှား သူများသည် facebook လူမှုကွန် ရက်ကို ကောင်းစွာအသုံးချခဲ့ကြ သဖြင့် နိုင်ငံတကာ အစိုးရများအနေ ဖြင့်ခေနဘသသု သည် အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်ခြင်းနှင့် ကောင်းမွန်သော အုပ်ချုပ်မှုပေါ် ပေါက်လာရေးအပေါ် အကျိုးသက် ရောက်မှု များစွာရှိနေကြောင်း သတိ မပြုဘဲ မနေနိုင်အောင်ဖြစ်လာရ တော့သည်။ သို့သော် facebook ကြောင့် အနုတ်လက္ခဏာ ဆောင်သော ဆူပူအုံကြွမှုများ ပေါ်ပေါက် လာရခြင်းကမူ မဖြစ်သင့်ချေ။ အာရပ်နွေဦး လှုပ်ရှားမှုများဝယ် facebook ကိုကောင်းစွာအသုံးချ ကြခြင်းကို အတုယူမှုများလည်း ပေါ်ပေါက်ခဲ့သဖြင့် facebook ကို တည်ထောင်သူ ဇူကာဘတ်ကပင်လျှင် facebook ကိုပိတ်ပစ်ရန်အကြံ ပေါ်ခဲ့ရသည်။
၎။ ဥရောပသမဂ္ဂ နိုင်ငံများ၏ ဘဏ္ဍာရေး အကျပ်အတည်းကိစ္စမှာ လည်း ကမ္ဘာတစ်ဝန်း စိတ်ဝင်စားကြသော သတင်းများဝယ် နံပါတ် လေး နေရာတွင်ရှိကြောင်း သိရ သည်။ ပြင်သစ်နှင့် ဂျာမနီတို့သည် အဆိုပါ ကြေွးမြီး အကျပ်အတည်းများ ပြေလည်စေရေး အရေးတကြီး ကြိုးပမ်းအားထုတ်ကြသည်။ ဗြိတိန် ကမူ အပြောင်းအလဲများ အတွက် လက်တွန့်နေပုံရ၏။
၅။ အမေရိကန် စီးပွားရေးကိစ္စ များကိုလည်း နိုင်ငံတကာက စိတ်ဝင်စားစွာ စောင့်ကြည့်ကြသည်။ အချို့ကလည်း အမေရိကန်စီးပွားရေး ယခုနှစ်တွင်ပြန်လည် ခေါင်း ထောင်လာမည်ဟု ခန့်မှန်းကြသော် လည်း အလုပ်လက်မဲ့ပြဿနာမှာမူ ကြီးမားနေဆဲပင်ဖြစ်သည်။ နိုင်ငံ တစ်ဝန်းအလုပ်လက်မဲ့ဦးရေမှာ ၉ ရာခိုင်နှုန်းအောက်သို့ ရောက်သွား ပြီဖြစ်သော်လည်း သန်းပေါင်းများစွာ သော အမေရိကန်တို့အနေဖြင့် ယင်းတို့၏ ရပိုင်ခွင့်များဆုံးရှုံးနေဆဲ ပင်ဖြစ်သည်ဟု သိရသည်။ ရင်းနှီ မြှုပ်နှံသူများ အနေဖြင့်လည်း ဥရောပ ငွေကြေးအကျပ်အတည်း၏ ရိုက်ခတ်မှုများကို ခံနေရသည်။
၆။ လစ်ဗျားအာဏာရှင် မွမ်မာ ဂဒါဖီကို အစိုးရဆန့်ကျင်သူများက သတ်ဖြတ်လိုက်ခြင်း သတင်းမှာမူ ဆဋ္ဌမမြောက် စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ဖြစ်သည်။ အောက်တိုဘာ ၂ဝ ရက်နေ့ တွင် ယင်းအားသုတ်သင်လိုက်ကြ ခြင်းဖြစ်၏။ လစ်ဗျားပြည်တွင်း စစ်ကြောင့် တိမ်းရှောင်နေရသော ကဒါဖီကို ယင်း၏ မွေးဇာတိဖြစ် သည့် တံငါရွာကလေးတစ်ရွာ အနီး တွင် ခြေရာခံမိပြီး လက်ရဖမ်းမိ သည်ဝယ်၊ ဒေါသကြီးနေကြသော သူပုန်များက သုတ်သင်လိုက်ကြ ခြင်းဖြစ်သည်။
၇။ ဝေါလမ်းမကို သိမ်းပိုက်ခြင်း သတင်းမှာလည်း လူအများ စိတ် အဝင်စားဆုံးသတင်း တစ်ပုဒ်ဖြစ် သည်။ စက်တင်ဘာ ၁၇ ရက်နေ့ ကတည်းက ဝေါလမ်းမအနီး ဇူကော့ တီဥယျာဉ်တွင် စတင်ခဲ့သော လူထု ဆန္ဒဖော်ထုတ်မှုသည် ရက်သတ္တ ပတ် အနည်းငယ်အတွင်း အင်အား ကောင်းလာပြီးနောက် နိုဝင်ဘာလတွင်မူ ဝေါလမ်းမကို လူထုက သိမ်း ပိုက် သည်အထိဖြစ်လာခဲ့သည်။ ဆန္ဒပြသူများ၏ အဓိကကြေွးကြော်သံမှာ နိုဘယ်ဆုရ စီးပွားရေး ပညာရှင် ဂျိုးဆက်စတစ်ဂလစ်၏ ဆောင်းပါးတစ်ပုဒ်မှ ဆင်းသက်လာ ခြင်းဖြစ်သော ”ကျွန်ုပ်တို့သည် ၉၉ ရာခိုင်နှုန်း”ဟူသည်ပင်ဖြစ်၏။ ဆိုလိုသည်မှာ အမေရိကန်ပြည်သူများ၏ ၁ ရာခိုင်နှုန်းမှာ အချမ်းသာဆုံးများ ဖြစ်နေပြီး၊ ကျန် ၉၉ ရာခိုင်နှုန်းမှာမူ သာမန်အခြေအနေသာရှိသဖြင့် ဝင်ငွေနှင့်ကြွယ်ဝမှုများ မမျှမတဖြစ် နေခြင်းကိုဆိုလိုသည်။ ယင်းဆန္ဒပြ သူများသည်လည်း facebook ကို ကောင်းစွာ အသုံးချခဲ့ကြသဖြင့် အလားတူလှုပ်ရှားမှုများ ကမ္ဘာ့နိုင်ငံ အချို့တွင် ပေါ်ပေါက်ခဲ့ရသေးသည်။
၈။ မြောက်ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအီကွယ်လွန်ခြင်း သတင်းမှာလည်းလူစိတ်ဝင်စားသည့် သတင်းများတွင် အပါအဝင်ဖြစ် သည်။ အသက် ၇ဝ အရွယ် ကင်ဂျုံအီသည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်ခြင်းဖြစ် သည်။ ကင်ဂျုံအီကွယ်လွန်ပြီး နောက် ရက်သတ္တတစ်ပတ်အကြာ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် အသက် ၂၇ နှစ်သာရှိသော သူ့သား ကင်ဂျုံ အန်သည် ကိုရီးယားပြည်သူ့ တပ်မတော်၏ စစ်သေနာပတိချုပ်ဖြစ် လာခဲ့သည်။ နျူလက်နက်ပိုင်ဆိုင် ထားသော မြောက်ကိုရီးယားနိုင်ငံဝယ် ဖခင်ဖြစ်သူ၏ ”တပ်မတော်သည်သာ ပထမ” မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဖြစ်သည့် အသက် ငယ်ရွယ်သေးသော စစ်ခေါင်း ဆောင် တစ်ဦးပေါ်ပေါက်လာသဖြင့် တောင် ကိုရီးယားနှင့် အမေရိကန်တို့ အပါအဝင် စိတ်ပူပန်သူများရှိနေကြသည်။
၉။ အီရတ်စစ်ပွဲကို လုံးဝ အဆုံးသတ်လိုက်ပြီဟု အမေရိကန် အစိုးရက ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် ကြေညာခဲ့သည့်သတင်းကို လည်း ကမ္ဘာတစ်ဝန်းက စိတ်ဝင် စားစွာ ကြိုဆိုကြသည်။ ၂ဝဝ၃ ခုနှစ် မတ်လ ၂ဝ ရက်နေ့ကစတင်ခဲ့ သော အီရတ်စစ်ပွဲကို ၈ နှစ်ကျော် ကြာပြီးနောက်ဝယ်အဆုံးသတ်လိုက် ခြင်းဖြစ်သည်။ ထို့အတွက် အမေ ရိကန်အား ကျူးကျော်သူအဖြစ် ရှုတ်ချသူများ ပေါ်ပေါက်ခဲ့သလို၊ ကယ်တင်ရှင်တစ်ဦးအဖြစ် ရှုမြင် ကြသူများလည်း ရှိခဲ့သည်။ ထိုစစ်ပွဲ အတွက် အမေရိကန်နိုင်ငံ သား အခွန်ထမ်းပြည်သူများ၏ ငွေကြေး ၁ ဒသမ ၉ ထရီလျံမျှ သုံးစွဲခဲ့ ရကြောင်း ခန့်မှန်းကြသည်။ အမေရိ ကန်တပ်ဖွဲ့ဝင် ၄၄၈၄ ဦးမျှ သေဆုံး ခဲ့ကာ ၃၃၁၈၆ ဦးမျှ ထိခိုက်ဒဏ်ရာ ရခဲ့ကြပြီး၊ အီရတ်ပြည်သူ တစ်သိန်း ကျော်သေဆုံးခဲ့သည်။
၁ဝ။ နော်ဝေနိုင်ငံ အော့စလို မြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက် သတ်ဖြတ်မှု နှစ်ခုကြောင့် ၇၆ ဦး သေဆုံးခဲ့ရခြင်းကိုလည်း ကမ္ဘာ တစ်ဝန်း ထိတ်လန့်တုန်လှုပ်စွာ စိတ်ဝင်စားကြသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ တရားခံမှာ အသက် ၃၂ နှစ်အရွယ် လက်ယာအစွန်းရောက်ဝါဒီ အန် ဒရေးဘာရင်းဘရီဗစ် ဖြစ်သည်။ ဇူလိုင်လ ၂၅ ရက်နေ့တွင် အကြမ်း ဖက်မှုကြောင့် သေဆုံးသူများအား အောက်မေ့ သတိရခြင်းအားဖြင့် နော်ဝေနိုင်ငံသား နှစ်သိန်းခန့်က လွမ်းသူ့ ပန်းစည်း များကိုင်ဆောင် ကာ စီတန်းလှည့်လည်ခဲ့ကြသည်။
၂ဝ၁၁ဝယ် အင်တာနက် လူမှုကွန်ရက်များသည် နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်များ အတွက် အဆိုးရော အကောင်းဘက်များမှပါ အကျိုးသက်ရောက်မှု များစွာ ရှိလာခြင်းမှာ အထူးပင်ထင်ရှားသည်။ အကြီးဆုံး လူမှုကွန်ရက်ဖြစ်သည့် facebookတွင် အဖွဲ့ဝင် ပေါင်းသန်း ၈ဝဝ မျှရှိနေကာ၊ ယင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ် ပါက တရုတ်နှင့်အိန္ဒိယပြီးလျှင် တတိယ လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီ။ ထို့အပြင်ခေနဘသသု မှ သတင်းပျံ့နှံ့မှုမှာလည်း လွန်စွာပင် လျင်မြန်ကြောင်း တွေ့ရသည်။ ယင်းကို အသုံးပြု၍ စိတ်တူဝါသနာ တူကွန်ရက်များ ထပ်ဆင့်ဖွဲ့စည်း ကာ လှုပ်ရှားမှုအမျိုးမျိုးပြုလုပ်နေကြ ကြောင်း သိရသည်။ ကုလသမဂ္ဂမှ ထုတ်ပြန် သည့် ၂ဝ၁၂ ခုနှစ် ကမ္ဘာ့စီးပွားရေးအလား အလာ အစီရင်ခံစာအရမူ ရှေ့နှစ် တွင်လည်း ကမ္ဘာ့စီးပွားရေးကျဆင်း နေဦးမည်ဖြစ်ကြောင်း သိရသည်။ ဥရောပသမဂ္ဂနိုင်ငံ များတွင် ကြေွးမြီပြဿနာများကိုမူအတိုင်းအ တာတစ်ခုမျှအထိ ထိန်းချုပ်သွားနိုင် မည်ဖြစ်သလို အမေရိကန်ဘဏ္ဍာ ရေးအကျပ်အတည်းမှာလည်း ယခု ထက်ပိုဆိုး လိမ့်မည်မဟုတ်ဟု သုံး သပ်ထားသော်ငြား ကမ္ဘာ့စီးပွားရေး အခြေအနေမှာမူ နောင်နှစ်နှစ်အထိ ဖရိုဖရဲဖြစ်နေဦးမည်ဟု ကမ္ဘာ့စီးပွားရေး ပညာရှင်များက သုံးသပ်ကြ သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကမူ ပြဿနာအဝဝမှ သက် သာစေရေး၊ နိုင်ငံတော်၏ ဘဏ္ဍာ ရေးအသုံးစရိတ်များကို ချွေတာသုံး စွဲရန်တိုက်တွန်းနေကြောင်း သိရသည်။ နိုင်ငံတိုင်း၏ ငွေကြေးဈေး ကွက်များအပေါ် အကျိုးဆက်များ ပေါ်ပေါက်လာစေမည့် မူဝါဒချမှတ် ကာ နိုင်ငံခေါင်းဆောင်များ၏ ဆုံး ဖြတ်ချက်များမှာလည်း အဓိကကျ ပေလိမ့်မည်။ အားလုံးကို ခြုံငုံသုံးသပ်သော် ကမ္ဘာသူကမ္ဘာသားများသည် စစ်ပွဲများ အပါအဝင် အကြမ်းဖက်မှုများကို ကြောက်ရွံ့ မုန်းတီးနေကြကြောင်း ထင်ရှားသလို၊ ငွေကြေးအကျပ် အတည်းမှ လွတ်မြောက်လိုကြ ကြောင်း သိသာလှပြီး အာဏာရှင် စနစ်ကို လက်မခံနိုင် ကြတော့သည် ကလည်း ထင်ရှားသည်။ ကမ္ဘာ့လူသား အများစုမှာမူ စစ်ပွဲများနှင့် အကြမ်းဖက်မှုများ ကင်းစင်ကာ အေးချမ်းသာယာသည့် ကမ္ဘာကြီး ဖြစ်လာစေရေးကို ဦးတည်နေကြသည်။
Unknown at 9:13 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.