ရတနာပုံသတင်း — အင်တာနက်ပေါ်တွင် ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်နိုင်မည့် ရှော့ပင်းမောလ် တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုလအတွင်း ပြည်တွင်းဘဏ် သုံးခုနှင့် ချိတ်ဆက်၍ စတင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ရတနာပုံဝဘ်ပေါ်တယ်မှ သိရသည်။ “ပထမက ပြည်တွင်းဘဏ် ၁၁ ခုနဲ့ ချိတ်ဆက်ပြီး အကောင်အထည် ဖော်ဆောင်ခဲ့ရာက တချို့ဘဏ်တွေက နည်းပညာပိုင်း လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် ညှိနှိုင်းနေဆဲပါ။ ဒီလအတွင်း စတင် ဖွင့်လှစ်မယ် ဆိုရင်တော့ အာရှ စိမ်းလန်းစိုပြည်ရေးဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီးပြီ ဖြစ်တဲ့အတွက် ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ စတင်ဖွင့်လှစ်ဖို့ စီစဉ် ဆောင်ရွက်ထားပါတယ်” ဟု မန်နေဂျာ ကိုအောင်စံမြတ်က ပြောသည်။ အဆိုပါ အွန်လိုင်းရှော့ပင်းမောလ်၏ ဝဘ်ဆိုက်အမည်ကို ယခုအချိန်တွင် ထုတ်ဖော် ပြောကြားလိုခြင်း မရှိသေးကြောင်း၊ ပါဝင်ပြသမည့် ဆိုင်ခန်း အရေအတွက်ကိုလည်း တိကျစွာ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။ “ဖွင့်မယ့်အချိန် ကျရင်တော့ အားလုံးကို ထုတ်ဖော် ပြောကြားသွားမှာပါ။ ဆိုင်ခန်းအရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာရယ်၊ ရှော့ပင်းမောလ်အတွင်း ဆိုင်ခန်းတစ်ခန်းရဲ့ ပေးသွင်းရမယ့် သတ်မှတ်နှုန်းထားတွေကို အတိအကျ မပြောနိုင်သေးပါဘူး” ဟု ယင်းက ထပ်မံဆိုသည်။ ရတနာပုံ အွန်လိုင်းရှော့ပင်းမောလ်ကြီးကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ရန် လျာထားခဲ့သော်လည်း ဘဏ်များနှင့် ချိတ်ဆက်မှု နည်းပညာပိုင်းကြောင့် လည်းကောင်း၊ ပြည်တွင်း အင်တာနက်လိုင်း ချို့ယွင်းမှုကြောင့် လည်းကောင်း၊ နှောင့်နှေးနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်သည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge