BOT စနစ်ဖြင့် ကုမ္ပဏီများ လုပ်ကိုင်ရန် ခွင့်ပြုထားသည့် လမ်း၊ တံတားဂိတ်များထဲမှ သတ်မှတ်နှုန်းထားများထက် အခွန်ပိုမိုကောက်ခံခဲ့သည့် လမ်း၊ တံတား ၂၆ ဂိတ်အား အရေးယူမှုများ ပြုလုပ်ခဲ့ရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့သည်။
BOT စနစ်ဖြင့် လမ်း၊ တံတားကြေးများ အခွန်ကောက်ခံရန် ကုမ္ပဏီများနှင့် လေလံစာချုပ် ချုပ်ဆိုကတည်းကပင် ကောက်ခံရမည့် နှုန်းထား များထက် ပိုမိုကောက်ခံပါက အရေးယူမည်ဆိုသည့်အချက်ကို ထည့်သွင်းထားသည့်အပြင် ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ် မေလ ၁၂ ရက် နေ့က လေလံလုပ်ငန်းရှင်များကို ခေါ်ယူ၍ ရှင်းပြခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း BOT စနစ်ဖြင့် လုပ်ကိုင်ရန် ခွင့်ပြုထားသည့် လမ်း၊ တံတားဂိတ် ၂၆၁ ဂိတ်ရှိပြီး လမ်း၊ တံတားကြေးပိုမိုကောက်ခံပါက အရေးယူမှုများအနေဖြင့် ပထမအကြိမ်တွင် သတိပေးခြင်း၊ ဒုတိယအကြိမ်တွင် စစ်ဆေး၍ မှန်ကန်လျှင် ကောက်ခံမှု ၁ လ ပိတ်သိမ်း၍ ၎င်း ၁ လအတွင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဝင်ရောက်ကောက်ခံမည်ဖြစ်ပြီး၊ တတိယအကြိမ်တွင် ၎င်းဘဏ္ဍာနှစ်အတွက် လမ်း၊ တံတားကြေး ကောက်ခံခွင့် လုံးဝပိတ်သိမ်းခြင်းတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ အထောက်အကူ ပြုနိုင်ရန်နှင့် နယ်စပ် ကုန်စည် ပြည်တွင်းသို့ ပိုမိုဝင်ရောက်လာနိုင်ရေးအတွက် ရေပူစမ်းဂိတ်နှင့် မရမ်းချောင် စစ်ဆေးရေးဂိတ်တို့အား ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ရေပူစမ်း စစ်ဆေးရေးဂိတ်သည် မန္တလေး-မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိခြင်းဖြစ်ပြီး မရမ်းချောင်ဂိတ်မှာ မြန်မာ-ထိုင်း နယ်စပ် မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပေါ်တွင် တည်ရှိခြင်းဖြစ်ကြောင်း သိရသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge