Friday, January 13, 2012

အခြေခံပညာ အထက်တန်းအဆင့် စာသင်နှစ်တစ်နှစ် တိုးမြှင့်မှု ငါးနှစ်အတွင်း ဆောင်ရွက်သွားမည်


၁၂ တန်းပညာရေးအဖြစ် အခြေခံပညာအထက်တန်း အဆင့်တိုးရန် ငါးနှစ်အတွင်း ဆောင်ရွက်သွားမည်ဟု နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဇန်နဝါရီ ၄ ရက်နေ့တွင်ပြောသည်။ ရန်ကုန်တက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာထွန်းခင်က “ ၁၂ တန်းရှိမယ်ဆိုရင်တော့ ကောင်းတာပေါ့။ အင်္ဂလန်တို့၊ ဂျာမနီတို့မှာတောင် ၁၂ တန်း၊ ၁၃ တန်းဆိုပြီး ထားနေသေးတာပဲ။ လုပ်နိုင်ရင် အကောင်းဆုံးပဲ” ဟု မှတ်ချက်ပြုသည်။ မူလက မူလတန်းအဆင့်ကို တိုးမြှင့်ရန် အစီအစဉ်ရှိခဲ့သော်လည်း မူလတန်းစာသင်ဆောင်များအား ထပ်မံတိုးချဲ့ရမည်ဆိုပါက ဘဏ္ဍာငွေ အမြောက်အမြား ကုန်ကျမည်ဖြစ်သည့်အတွက် ထိုအစီအစဉ် အထမမြောက်ခဲ့ကြောင်း၊ သို့အတွက်ကြောင့် အထက်တန်းအဆင့်တိုး၍ ပြောင်းလဲအဖြေရှာခဲ့ရကြောင်း ဝန်ကြီးဌာနမှ အရာရှိက ဆက်လက်ပြောသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ တက္ကသိုလ်များနှင့် ကောလိပ်များအပါအဝင် ပညာရေးအဖွဲ့အစည်းများလေးစားရသည့် NARAC ဝက်ဘ်ဆိုက်တွင် မြန်မာတက္ကသိုလ်ဝင်တန်းအဆင့်အား အင်္ဂလန် GCE ‘O’ Level အဆင့်နှင့် တူညီသည်ဟု သတ်မှတ်ထား၍ နောက်ထပ်အဆင့်တိုးခြင်းမှာ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို လုပ်ခြင်းဖြစ်ကြောင်း မြန်မာ့ပညာရေး စောင့်ကြည့်လေ့လာနေသူ အချို့က ထောက်ခံပြောကြားသည်။ “ အခု ပြည်ပကို သွားတက်မယ်ဆိုပါတော့၊ တိုက်ရိုက်တက်လို့ မရဘူး။ မြန်မာက အဆင့်တစ်ဆင့်နိမ့်နေတယ်။ ဒါကိုမြှင့်လိုက်ရင် ထောက်ခံတယ်။ ကျွန်တော့်အမြင်ကိုပြောရရင် အခြေခံပညာ အဆင့်ကို တိုးတာကောင်းတယ်။ ဒါပေမဲ့ တက္ကသိုလ်အဆင့်ကို တိုးတာတော့ သိပ်မကြိုက်ချင်ဘူး” ဟု နိုင်ငံတကာ ပညာရေးအတိုင်ပင်ခံ ဒေါက်တာနေဝင်းနိုင်က သူ့အမြင်ကိုပြောသည်။ လက်ရှိတွင် မြန်မာ့ အခြေခံပညာမူလတန်းအဆင့်၌ အတန်းငါးတန်း၊ အလယ်တန်းအဆင့်၌ အတန်းလေးတန်းနှင့် အထက်တန်းအဆင့်၌ အတန်းနှစ်တန်းဟူ၍ ၁၁ တန်းပညာရေးသာရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:43 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.