Monday, February 20, 2012

မသူတော်အပြုံး (သို့မဟုတ်) ထမီဝတ်ဖို့လိုသေးလား (ကဗျာရှင် နေရဲနီ)

မှတ်ချက်။ ။ သူတော်စင် သူတော်မြတ်များအားအခက် မတွေ့တွေ့အောင် ကြံဆောင်တတ်သည့် မသူတော်တို့၏ စိတ်တွင်းမှ ကြိတ်ပြုံးကို အဖြစ်အပျက်များနှင့် ယှဉ်၍ စိတ်ကူးဖြင့် မှန်းဆ၍ ရေးပါသည်။
နေရဲနီ
မသူတော်အပြုံး (သို့မဟုတ်) ထမီဝတ်ဖို့လိုသေးလား
(ကဗျာရှင် နေရဲနီ)

ဟင်း..ဘာတတ်နိုင်သေးလဲ
ရွှေည၀ါဆိုတဲ့ ကိုယ်တော်
ဟောချင်ပါဦးလား ဒီမိုကရေစီ
ခုတော့ ဘာတတ်နိုင်သေးလဲ
ပြောင်းရပြီပေါ့ မှော်ဘီ။
နေစရာထိုင်စရာမရှိ ကျောင်းပျောက်အောင်လုပ်တာ
ကျောင်းမပျောက်ဘူး။
နှုတ်ဆက်တဲ့ ဆွမ်းခံပွဲမှာ
တကာမတွေကလည်း အကဲပိုပြီးငိုနေလိုက်ကြတာ
အမြင်ကပ်ဖို့တောင် ကောင်းတယ်။

၈၈ အဖွဲ့ဆိုလား မကြာခင်ကမှ
သမ္မတကြီးကရုဏာနဲ့ ထောင်ကထွက်လာတဲ့အဖွဲ့
အလုပ်မရှိအကိုင်မရှိနဲ့ တက်ကြွနေလိုက်ကြတာ
ဒင်းတို့ကိုလည်း အကွက်ချောင်းနေတာ
ချက်ကောင်းတွေ့မှ တခါတည်း အပြတ်ဆော်ရမယ်။

ဒီပဲယင်းမှာ ဆရာသမားက လုပ်တာမပီပြင်လို့
အဲဒီနေရာမှာ ငါသာဆို
တခါတည်း အပြတ်ရှင်းပစ်မှာ။
တစ်တက်စားလည်း ကြက်သွန်
နှစ်တက်စားလည်း ကြက်သွန်
မထူးဇာတ်ခင်းရမယ့် အတူတူ
ငါသာဆို နွားစားသလို
တခင်းလုံးငန်း တိုက်စားပစ်မှာ။
ကိုယ့်လက်ထဲ သေနတ်ရှိရက်နဲ့
ခုတော့ မျှော့သွေးစမ်းသလို မပီပြင်ဘဲ
အလကား သက်သက်
သမိုင်းမှာ အမည်းစက်ထင်ရပြီ။

ဒယ်အိုးဆိုတဲ့ ကိုယ်တော်လည်း
ဆီခန်းပြီး မီးပါသေသွားပြီ
ခုတော့ဘာသံမှ မထွက်နိုင်တော့ဘူး။
သူ့ကိုယ်သူ၂၀၀၇ ရွှေဝါရောင်ဦးဆောင်ဘွဲ့ တပ်ထားတဲ့
ဦးဂမ္ဘီရဆိုတဲ့ ကိုယ်တော်ကိုလည်း
အပြစ်ကိုဆီလို အပေါက်ရှာပြီး
ဓမ္မစက်ကို ဘေးချိတ်
အာဏာစက်နဲ့ အရေးယူဖို့
တိုင်းသိပြည်သိ ကြေညာပြီးပြီ။

ဟိုအမျိုးသမီး ထားဝယ်သွားတာ
ကြိုလိုက်တဲ့ လူထု
ရင်ထုမနာ အမြင်ကပ်ဖို့ ကောင်းတယ်
ပုသိမ်မှာ တမင်သက်သက်ပွဲပျက်အောင်
မုန့်ဟင်းခါး ပိဿာချိန်၆၀၀နဲ့ တားတာတောင်
ဖြစ်ချင်တော့ အဲဒီအမျိုးသမီးက
၂နာရီနောက်ကျပြီးမှ ရောက်လာတာ
တို့ကြွေးတဲ့ မုန့်ဟင်းခါးကဘဲ ပရိတ်သတ်အတွက် အဆာပြေလိုလို။
လူကြားထဲ ရွှေဥကြမ်းညှပ်သလို
အော်မရပြုမရနဲ့ ခံရခက်လိုက်ပါဘိ။

လှည်းကူးမှာ အားကစားကွင်း ပေးမသုံးဘဲနေတာ
အထက်ကို သွားပြောတော့
ငါတို့ကနဖားကြိုး အထိုးခံလိုက်ရသလို
အဲဒီပွဲမှာသူတို့က တမူးသာ သွားပေမဲ့
ဖျာပုံမှာတရားပွဲ မဏ္ဍာပ်ကိုလည်းဖျက်
အားကစားကွင်းကိုလည်းပိတ်
အာဏာကုန်ထုတ်သုံးပြီး လုပ်ပစ်လိုက်တာ
ဘာရမလဲမြို့ပြင်က တမိုင်ကျော်ဝေးတဲ့ သဲကွင်းကိုသွားကြပေါ့။
နယ်လေးရပ်က လာကြတဲ့ပရိတ်သတ်
အုံးအုံးကျွတ်ကျွတ်ညံလို့
ခုလိုကျတော့ နာဂစ်ဆိုတဲ့ဟိုမုန်တိုင်း
ဘယ်သွားပြီး အလေလိုက်နေပါလိမ့်။

ဒါတောင် အကယ်၍များ
အားကစားကွင်းသာ ငှား၍ရခဲ့သည်ရှိသော်
လာသည့်ပရိတ်သတ်နဲ့ ကြပ်ညှပ်နေမှာမို့
အားကစားကွင်း မငှားသည်ကိုပင်
အကောင်းမြင်၍ ကျေးဇူးတင်ပါသည့် အကြောင်း
ပြောသွားလိုက်တာများ
အသဲကိုအပ်နဲ့ဆွပြီး
ငံပြာရည်အိုးထဲ ပစ်ချသွားသလို ခံရခက်ပါဘိ။
ကော့မှူးက လူတွေကလည်း
နေပူပူဖုံ တစ်ထောင်းထောင်းမှာ
ကြိုးစားပြနေလိုက်ကြတာ
တို့လက်ထက် ဒီကမ္ဘာမှာ
ကော့မှူးဆိုတဲ့အရပ် လျှပ်စစ်မီးဆိုတာဝေလာဝေး
ဘယ်သောအခါမှ
ကတ္တရာလမ်း မဖြစ်စေရဘူး။

လာဦးမယ် နောက်ထပ်ပွဲတွေ
မန္တလေးဗထူးကွင်း
ဒီတသက် ဘယ်ရက်မှမအား
မိုင်ဒါကွင်း မြက်ခင်းလူနင်းလို့မရ
မြန်မာပြည်တဝှမ်း ရှိရှိသမျှ အားကစားကွင်း
ဟိုကွင်းဒီကွင်း ဘာကွင်းညာကွင်း
ကွင်းမှန်သမျှ ဒီအမျိုးသမီးဟောပြောပွဲနဲ့ ပတ်သက်လာရင်
ဒီကမ္ဘာမှာ ဘယ်ရက်မှမအား။

ဒါတောင်တချို့က ပြောကြသေးတယ်
ထမီဝတ်ထား ပါလားတဲ့။
သူတို့ကအခုမှ ပြောတာ
ဆရာသမားက ဦးဆောင်ပြီး
ကြိုးကြီးချိတ်ကို တဖွဲ့လုံးဝတ်လို့
မျက်နှာပြောင်တိုက်ပြီး လူရှေ့ထွက်ပြခဲ့တာ
၂၀၁၀ ကတည်းက။

အရှက်မရှိမျက်နှာပြောင်တိုက်နည်းနဲ့
မလိမ့်တပတ် ညစ်နည်းအဖုံဖုံကို
ဆရာသမားဆီက လက်ဆင့်ကမ်းယူခဲ့တာ
ဒီလောက်ဆို သဘောပေါက်ရောပေါ့
ရှက်ကြိုးပြတ်နေတဲ့
ကျုပ်တို့တစ်တွေ
ထမီဝတ်ဖို့ လိုသေးလား။

နေရဲနီ
Unknown at 10:04 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.