Monday, January 30, 2012

ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွန့် တင်သွင်းသည့် အဆိုသုံးခုအနက် နှစ်ခု ပြန်လည်ရုပ်သိမ်းခဲ့ရ

7188
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ကျင်းပနေစဉ်
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့၌ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းညွန့်က အဆိုသုံး ခု တင်သွင်းခဲ့သည့်အနက် အဆိုနှစ်ခုကို ပြန်လည် ရုပ်သိမ်းခဲ့ရကြောင်း သိရပါသည်။ ဦးသိန်းညွန့် တင်သွင်းခဲ့သည့် အဆိုသုံးခုမှာ (၁) တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်  ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရန်အဆို၊ (၂) ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော (ရာဇသတ်ကြီး) ပြစ်မှု ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုနှင့် (၃) တရားရုံးချုပ်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုတို့ ဖြစ်သည်။ ထိုသို့တင်သွင်းခဲ့သည့် အဆိုသုံးခုအနက် ပထမအဆိုနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ယင်းဥပဒေနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်တို့မှာ လက်ရှိအခြေအနေတွင် ပြဋ္ဌာန်းချက်များ ပြည့်စုံပြီးဖြစ်၍ ထပ်မံဖြည့်စွက် ပြင်ဆင်ရန်မလိုအပ်တော့ကြောင်း ရှင်းလင်းခဲ့သည်။
ဒုတိယအဆိုသည် ၁၈၆၁ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သော(ရာဇသတ်ကြီး) ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပါဝင်သော အသရေဖျက်မှုဆိုင်ရာ အချက်များကို ထောက်ပြခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “ . . . ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော (ရာဇသတ် ကြီး) ပြစ်မှုဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းသွား မှာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေ အခန်း ၂၁ မှာ ပါဝင်တဲ့ အသရေ ဖျက်မှုပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂ ကို ပယ်ဖျက်ပေးဖို့ တင်ပြသွားမှာဖြစ် ပါတယ်။ ဒီပုဒ်မတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုယ်တွေ့ အခုတစ်လော မှာပဲ မြန်မာပြည်မှာ စောင်ရေ အများဆုံး ထုတ်ထားတဲ့ သတင်းမီဒီယာကြီး တစ်ခုရဲ့ အုပ်ချုပ်မှုတာဝန်ခံကို သာမက လူခုနစ်ယောက်ကို ပုဒ်မ ၅၀၀ နဲ့ လွယ်လင့်တကူ ကောက်စွဲခဲ့တာကို ကျွန်တော်ကြုံတွေ့ခဲ့ရပါတယ်။ ဒါဒီ တစ်ခုထဲ မဟုတ်ပါဘူး။ နောက်ထပ် အများကြီးပါပဲ။ တော်တော်များများ က သတင်းမီဒီယာတွေကို တရားစွဲ လိုက်ရင် သတင်းမီဒီယာတွေကို လွယ်လင့်တကူ ပုဒ်မ ၅၀၀အသုံးပြုပြီး စွဲတဲ့အခါမှာ ကျန်တဲ့ဥပဒေအရ ဆောင်ရွက်တာကို ဝေဖန်စရာမရှိပါဘူး။ သို့သော် အခုဖြစ်ပျက်နေတဲ့ အခြေအနေက ဒီနေရာတွေဟာ ငွေ  ထွက်နိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် တချို့သော တရားစီရင်ရေး နယ်ပယ်နဲ့ ဒီနယ်ပယ်နဲ့ ဆက်စပ်နေတဲ့ နယ်ပယ်တွေက ဒီပုဒ်မကိုသုံးပြီး လွယ်လင့်တကူ တရားစွဲလာတာကို တွေ့ရတယ်။ အဲဒီတော့ သတင်းမီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင်က နိုင်ငံအတွက် လူထုအတွက် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကို တင်ပြရမယ့်အစား တရားရုံးရဲ့ဝက်ခြံလေးထဲမှာပဲ နာမည်ကြီး သတင်းမီဒီယာသမားတွေ သွားပြီး ထိုင်နေရပါတယ်။ နောက်တစ်ချက် အခုအချိန် မှာ သတင်းမီဒီယာဥပဒေ ထွက်လာတော့မယ့်အချိန်မှာ သတင်းရယူရေးသား ဖော်ပြခြင်းအတွက် ဘယ်သတင်းသမား၊ ဘယ်သတင်းမီဒီယာ လုပ်ငန်းကိုမဆို တရားစွဲတော့မယ် ဆိုရင် ပြစ်မှုကြောင်းနဲ့စွဲတာ ခေတ်မမီတော့ပါဘူး။ ခုနက အသရေ ဖျက်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခွင့် ကို လုံးဝပယ်ဖျက်ဖို့ တင်ပြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ တရားမကြောင်းနဲ့ တရားစွဲဆိုခွင့်ရှိပါတယ်။ တရားမ နစ်နာမှုဥပဒေနဲ့ ငွေသိန်း သန်းကုဋေချီပြီး တောင်းနိုင်ပါတယ်။ ဒီလိုပါပဲ သီးခြားသက်သာခွင့် ဥပဒေများနဲ့လည်း အရေးယူနိုင်ပါတယ်။ အဲဒီတော့ ၁၉ ရာစုက ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၅၀၀ နဲ့ပဲ ၂၁ ရာစု သတင်းမီဒီယာသမားများကို ဆက်လက်တရား စွဲမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုရဲ့ အရေးကြီးတဲ့ကာလမှာ စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုနေရာမျိုးပဲ ရှိမလဲဆိုတာ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကို လေ့လာဆန်းစစ်နိုင်ဖို့ တင်ပြလို ပါတယ်။ သတင်းသမားများ သာမက သာမန်ပြည်သူတွေ အတွင်းမှာလည်း ပြစ်မှုကြောင်းကို သုံးပြီး တရားစီရင်ရေးယန္တရားကို အလွဲသုံးစား လုပ်နေတာကိုလည်း ကာကွယ်တားဆီးနိုင်ပါတယ်။ နိုင်ငံတကာမှာ တရားမနစ်နာမှုနဲ့ အရေးယူနေတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့မှာ အခုထက်ထိ ပြစ်မှုကြောင်း နယ်ပယ်မှာပြဋ္ဌာန်းပြီး အရေးယူနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုလိုနီခေတ် ၁၈၆၁ က ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးပြစ်မှုဆိုင်ရာ ဥပဒေမှာပါတဲ့ အခန်း ၂၁ မှာပါ တဲ့အသရေဖျက်မှုပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂တို့ကို ၂၁ရာစုနဲ့ညီအောင် ရုပ်သိမ်းဖို့ လိုအပ်လာပြီဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ထိုဥပဒေ ပါပြဋ္ဌာန်းချက်များသည် သတင်း မီဒီယာသမားများကိုသာ ထိခိုက်စေသည့် ဥပဒေပြဋ္ဌာန်းချက်များ မဟုတ်ပါကြောင်း၊ ဥပဒေနှင့်အညီ မှန်ကန်စွာ ပြောဆိုနေထိုင်သည့် သတင်းမီဒီယာသမားများ အပါအ၀င် အများပြည် သူများအား အကာအကွယ်ပေးထားသော ပြဋ္ဌာန်းချက်များသာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေ အရ ခေတ်နှင့် လျော်ညီသည့် ဥပဒေပြဋ္ဌာန်းချက်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြန်လည် စဉ်းစားနိုင်ရန် အကြံပြုတင်ပြပါကြောင်း ရှင်းလင်းခဲ့သည်။
တတိယအဆိုနှင့် ပတ်သက်၍မူ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က ရှင်းလင်းခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေဖြင့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို သုတေသနပြု ရေးဆွဲကာ လွှတ်တော်သို့ တင်ပြရန် ဆောင်ရွက်လျက်ရှိ၍ အဆိုပြုဥပဒေကြမ်းကို တင်ပြရန် မလိုအပ်တော့ကြောင်း ရှင်းလင်းခဲ့သည်။
ယင်းကဲ့သို့ ရှင်းလင်းမှုများကြောင့် ဦးသိန်းညွန့်က တင်သွင်းထားသော အဆိုသုံးခုအနက် ပထမ အဆို နှင့် တတိယ အဆိုတို့ကို ပြန်လည် ရုပ်သိမ်းကြောင်း ပြောဆိုခဲ့ပြီး ဒုတိယအဆိုကိုမူ မှတ်တမ်းတင်ပေးရန် တင်ပြတောင်းဆိုခဲ့၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
EMG
Unknown at 11:46 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.