Wednesday, July 4, 2012

ယာဉ်ဟောင်းအပ်နှံသည့် စီအင်န်ဂျီတက္ကစီနှင့် ခရီးသည်တင်ယာဉ်များကို စီအင်န်ဂျီယာဉ်အဖြစ် ပြန်လည်ဆောင်ရွက်ပေးလျက်ရှိ



From : ခေတ်လူငယ်
ယာဉ်ဟောင်းအပ်နှံသည့် အစီအစဉ်အရ အပ်နှံလိုက်သည့် စီအင်န်ဂျီတက္ကစီနှင့် ခရီးသည်တင်ယာဉ်များကို စီအင်န်ဂျီယာဉ်အဖြစ် ပြန်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယာဉ်ဟောင်းအပ်နှံ စီအင်န်ဂျီယာဉ်များအတွက် ယာဉ်အသစ် အစားထိုး တင်သွင်းလာခဲ့ပြီး ပြန်လည်ပြေးဆွဲ လုပ်ကိုင်ရန် ပြင်ဆင်လျက်ရှိရာတွင် မူလစီအင်န်ဂျီယာဉ်များကဲ့သို့ စီအင်န်ဂျီ ပြန်လည်တပ်ဆင်ခွင့် ပြုလျက်ရှိသည်။ အများအားဖြင့် တက္ကစီနှင့် ခရီးသည်တင်ယာဉ်များတွင် ခရီးသည်တင်ယာဉ်များတွင် စီအင်န်ဂျီိ တပ်ဆင်ပြေးဆွဲမှု များပြားလျက်ရှိရာ အဆိုပါယာဉ်များကို စီအင်န်ဂျီယာဉ်အဖြစ်နှင့်ပင် ပြန်လည်လုပ်ကိုင် ဆောင်ရွက်ခွင့်ပေးနေသည်ဟု သိရသည်။ “တက္ကစီတွေ၊ ဘတ်စ်တွေကို စီအင်န်ဂျီ ပြန်ပေးပါတယ်။ စီအင်န်ဂျီယာဉ်ကို အပ်ရင် စီအင်န်ဂျီ ပြန်ပေးပါတယ်။ စစ်ကျန်ဘတ်စ်ကားတွေ နေရာအစားထိုး တင်သွင်းလာတဲ့ ခရီးသည်ယာဉ်ကြီးတွေကိုလည်း စီအင်န်ဂျီ ဆောင်ရွက်ပေးနေပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ပေးနေတဲ့ ယာဉ်တွေကို အဓိကထား ဦးစားပေး ဆောင်ရွက်ပေးနေပေမယ့် သဘာဝဓါတ်ငွေ့ရရှိမှု အနေအထားရကြောင့်ပါ” ဟု မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ ရန်ကုန်မြို့တွင် စီအင်န်ဂျီယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်အစီးရေမှာ ခရီးသည်တင်၊ စီးတီးတက္ကစီ၊ ဌာနဆိုင်ရာယာဉ်၊ ကိုယ်ပိုင်ယာဉ်၊ ကုန်တင်ယာဉ်များ အပါအဝင် ယာဉ်အစီးရေ တစ်သောင်းခွဲကျော်ခန့်ရှိပြီး နေ့စဉ် စီအင်န်ဂျီ သဘာဝဓါတ်ငွေ့ ကုဗပေ ၁၇ သန်းခန့် ရောင်းချပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား ဂျန်မိုင်ကောင် နှစ်ခြင်းခရစ်ယာန်ဒုက္ခသည်စခန်းမှ ပေါက်ကွဲမှုဖြင့် ဖမ်းဆီးသွားသည့် ဦးလထော်ဘရန်ရှောင်အား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ ဇွန်လ ၂၈ ရက်နေ့က တရားရုံးတွင် ဖြောင့်ချက်ပေး ခိုင်းခဲ့ရာ ၀ွမ်းဗိုက် ချက်ပေါ်တွင် အသံဖမ်းစက်တပ်ဆင်ထားခြင်းအား တွေ့ရှိခဲ့သောကြောင့် တရားရုံးမှ ပယ်ဖျက်ပေးလိုက်သည်။

မြစ်ကြီးနား တရားရုံးတွင် အာဏာပိုင်များက ဦးဘထော်ဘရန်ရှောင်အား မိမိအားစွပ်စွဲထားသည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ တရားသူကြီးရှေ့တွင် အပြစ်ဝန်ခံ ဖြောင့်ချက်ပေးခဲ့ရာတွင် ၄င်းကို တရားသူကြီးကိုယ်တိုင် စစ်ဆေးမေးမြန်း၍တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။

“ကျနော် အဲဒီညမှာပဲ တရားသူကြီးဆီသွားမေးကြည့်တော့ သူကပြောပြတယ် ဦးဘရန်ရှောင်ရဲ့ မျက်လုံးတွေ ဖြူဖတ်ဖြူရော်ဖြစ်နေတယ်။ ပြီးတော့ မျက်နှာအောက်မှာတော့ မီးနဲ့တို့ထားပေးတဲ့ ဒဏ်ရာအကြီးကြီးရှိနေတယ်။ တစ်ကယ်တော့ ဒီလိုမျိုး ဒဏ်ရာရှိနေရင် ဖြောင့်ချက်လည်း ပေးလို့မရဘူးလေ။ အဲဒီတော့ တရားသူကြီးက အဲဒီဒဏ်ရာ ဘယ်လိုရတာလဲလို့မေးတော့ ဆိုင်ကယ်မောက်ပြီးရတယ် လို့ပြောတယ်တဲ့” ဟုပြောသည်။

သို့သော် ဦးဘရန်ရှောင်အား တရားသူကြီး မေးမြန်းရာတွင် တစ်စုံတစ်ယောက်၏ ခြိမ်းခြောက်ခြင်းကြောင့် ဖြစ်သည့် မျက်နှာထားမျိုးကိုတွေ့ရသောကြောင့် အကြိမ်ကြိမ်စစ်ဆေးမေးမြန်းရာတွင် တွေ့ရှိသွားခြင်းဖြစ်ကြောင်း ရှေ့နေဦးမာခါးဆက်ပြောသည်။

“အဲဒါမှန်လား သေချာပြောနော်လို့ပြန်မေးတော့ သူက ကြောက်ကြောက်နဲ့ ဘေးကိုကြည့်တော့ တရားသူကြီးက ဘေးမှာရှိနေတဲ့ စရဖ လူတွေ ရဲတွေကို အပြင်ထွက်ခိုင်းပြီး ခင်ဗျားဖြောင့်ချက် တစ်ကယ်ပေးမှာလားလို့ပြန်မေးတော့ ပေးမယ်လို့ပြန်ပြောတယ်တဲ့ အဲဒီအချိန်မှာ အပြင်မှာရှိနေတဲ့ စရဖ လူတွေက ဂနာမငြိမ်ဖြစ်နေတယ်တဲ့ အဲဒီနောက် ဦးဘရန်ရှောင်ရဲ့ အပေါ်အကျီ ချွတ်လိုက်တော့ သူ့ချက်မှာ အသံဖမ်းစက်ကပ်ထားတာကိုတွေ့တော့ တရားသူကြီးက စိတ်ဆိုးပြီး ဖြောင့်ချက်မယူတော့ဘူးတဲ့။ အဲဒီနောက်သူ့ကို ဘယ်ကိုပြန်ခေါ်သွားကြလဲမသိဘူး” ဟု ပြောသည်။

အာဏာပိုင်များသည် ဦးဘရန်ရှောင်၏ မိသားစုဝင်များနှင့် သူ၏ရှေ့နေဦးမာခါးကို ယခုချိန်ထိ တွေ့ဆုံခွင့်မပေးသောကြောင့် ဆက်လက်၍ ညှင်းပန်းနှိပ်စက်မည်ကို ဦးဘရန်ရှောင်၏မိသားစုများလည်း စိုးရိမ်ပူပန်နေကြသည်။

၎င်းဖြစ်ရပ်ကို တရားသူကြီးမှ ဓါတ်ပုံရိုက်ပြီး မြို့နယ်တရားရုံးသို့ တင်ပြရန်ပြင်ဆင်ရာတွင်လည်း စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့မှ ထိုသို့မတင်ပြပေးရန် တရားသူကြီး ဦးဇော်မင်းအား တောင်းဆိုခဲ့ကြောင်း သိရသည်။

ဦးလထော်ဘရန်ရှောင်သည် ဂျန်မိုင်ကောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ပြေးဒုက္ခသည်စခန်းမှ အဆောင်မှူးတစ်ဦးလည်းဖြစ်ကာ ဇွန်လ ၁၇ ရက်ညတွင် မြစ်ကြီးနား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)နှင့် အမှတ်(၁) ရဲစခန်းမှ (ပ) ၁၂၂/၂၀၁၂ ပေါက်ကွဲ(၃) အမှုနှင့်ဆက်စပ်၍ မေးမြန်းစစ်ဆေးရန် ရပ်ကွက် ရယက ဥက္ကဌ သက်သေများနှင့်အတူ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးထားပြီးနောက် သူ့အား မြစ်ကြီးနားတ၀ိုက် ဗုံးဖောက်ခွဲသူအဖြစ် စွပ်စွဲကာ ပေါက်ကွဲမှုဖြစ်ခဲ့သည့်နေရာမှာ ကိုယ်ဟန်ပြအမူအရာများကိုလည်း လုပ်စေပြီးနောက် ရုံးထုတ်ပြီး ဖြောင့်ချက်ပေးခိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုလို ဒုက္ခသည်စခန်းများတွင် မသင်္ကာသူများကို လိုက်လံဖမ်းဆီးအရေးယူခြင်းနှင့်ပတ်သက်၍ ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာဦးလဖိုင်ဂျာနော်ဦးဆောင်သည့် အဖွဲ့ဝင် ၅ ယောက်သည် လာမည့် ဇွန်လိုင် ၆ ရက်နေ့တွင် လူအင်အား ၁၀၀၀ ခန့်ဖြင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ် တန်းစီလှည့်လည်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာအာဏာပိုင်များအား စာဖြင့်တောင်းဆိုထားသည်။

ဆန္ဒပြဖော်ထုတ်တောင်းဆိုမည့် ရည်ရွယ်ချက်သည် အစိုးရမှ ဖမ်းဆီးသွားသော ဦးလထော်ဘရန်ရှောင်အား ခြွင်းချက်မရှိလွှတ်ပေးရန်နှင့် အစိုးရထိန်းချုပ်နယ်မြေ ဒုက္ခသည်စခန်းများတွင် ထွက်ပြေးခိုလှုံနေသော ဒုက္ခသည်များကို ဖမ်းဆီးမှု ညှင်းပမ်းနှိပ်စက်မှုမျိုး မပြုလုပ်ရန်နှင့် တရားဥပဒေနှင့်အညီ ၂၄ နာရီ အတွင်းအပြစ်မရှိပါက ပြန်လွှတ်ပေးရန်အပြင် အစိုးရကိုယ်တိုင် ဒုက္ခသည်များကို တာဝန်ယူဆောင်ရွက်ပေးတောင်းဆိုထားသည်။

ဦးလထော်ဘရန်ရှောင်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချူပ် လိုင်ဇာသွားလမ်း အင်ပေါန် (N’pawn) ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ၄င်းသည် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဒုက္ခသည်စခန်းသို့ခိုလှုံနေသည်မှာ တနှစ်ကျော်ကြာနေထိုင်နေခြင်းဖြစ်ကြောင်းသိရသည်။

ဒေသခံများသည် ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဦးဘရန်ရှောင်သည် အပြစ်မဲ့ပြည်သူတစ်ဦးသာဖြစ်ကြောင်းပြောဆိုနေကြပြီး အစိုးရသတင်းစာအချို့တွင်မူ ဖောက်ခွဲသူတရားခံအဖြစ်ဖော်ပြရေးသားခဲ့သည်။


ဘကြီးသက်
Unknown at 9:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒုသမ္မတ ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထားရွေးမည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူသွားသူ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ ရာထူးနေရာကို တပ်မတော်သား လွှတ်တော်အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ဗုဒ္ဓဟူးနေ့တွင် သဝဏ်လွှာပေးပို့ အကြောင်း ကြားသည်ဟု လွှတ်တော်တက် အမတ်များက မဇ္ဈိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာအတွင်း ဦးတင်အောင်မြင့်ဦး ရာထူးမှ အနားယူသွားခြင်းနှင့်ပတ်သက်၍ ဒုသမ္မတ သည် ဧပြီလ ၁၈ ရက်နေ့တွင် စင်္ကာပူသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီး ဇွန်လ ၃ဝ ရက်နေ့အထိ ဆေးကုသခွင့်
တောင်းခံခဲ့သည်ဟု ပါရှိသည်ကို အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

ယင်းနောက် ဇူလိုင်လ ၂ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာကို သမ္မတရုံးသို့ တရားဝင်တင်ခဲ့သည်ဟုလည်း သဝဏ်လွှာအတွင်း ပါဝင်သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။

meetlotdaw2
ဒုသမ္မတ ရာထူးမှ အနားယူသွားသော ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ ရာထူးနေရာကို တပ်မတော်သား လွှတ်တော်အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ (ဓါတ်ပုံ မဇ္ဈိမ)

သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် လစ်လပ်သွားသည့် ဒုသမ္မတကို ရွေးချယ်ပေးခဲ့သည့် အစုအဖွဲ့မှာ တပ်မတော် သား လွှတ်တော်အမတ်များ ဖြစ်ခြင်းကြောင့် ယခုအကြိမ်တွင်လည်း တပ်မတော်သားလွှတ်တော် အမတ်များမှ
ပြန်လည်ရွေးချယ်ပေးရန် ဖြစ်သည်ဟု ပါဝင်ကြောင်းလည်း သိရသည်။

ဦးဖုန်းမြင့်အောင်က တပ်မတော်သား လွှတ်တော်အမတ်များ သမ္မတ ရွေးချယ်မှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပေါ်တွင်သာ မူတည်သည်ဟု လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်အမတ်များ၏ အခြေအနေကို သူ၏ အတွေ့အကြုံပေါ်မူတည်၍ မဇ္ဈိမကို ပြောသည်။

"သူတို့က လွှတ်တော်ထဲမှာ ဆွေးနွေးစရာရှိရင်တောင် အထက်က အမိန့်အတိုင်းဆွေးနွေးရတာဗျ။ ဒီ သမ္မတ ရွေးချယ် မှုမှာလည်း ကာချုပ် မင်းအောင်လှိုင် အပေါ်မှာပဲ မူတည်မယ်ထင်တယ်။" ဟု မဇ္ဈိမကိုပြောသည်။

တပ်မတော်သား လွှတ်တော်အမတ်များမှ ရွေးချယ်ပြီးသည့် ဒုသမ္မတကို ပြည်သူ့လွှတ်တော်မှ လွှတ်တော်အမတ် ၃ ဦး၊ အမျိုးသားလွှတ်တော်မှ အမတ် ၃ ဦး၊ တပ်မတော်သား လွှတ်တော်အမတ် ၃ ဦးတို့ဖြင့် ဖွဲ့စည်းထားသည့် သမ္မတ အရည်အချင်းစစ်ကော်မတီမှ စိစစ်ကာ လွှတ်တော်သို့ ပြန်လည်တင်ပြ၍ အတည်ပြုရွေးချယ်ကြမည် ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၅၇ တွင်ပါရှိသည့် သမ္မတများ၏ အရည်အချင်း သတ်မှတ်ချက် ၆ ချက်ရှိသည်။ ထိုအထဲတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရှိရမည့်အပြင် "မိမိကိုယ်တိုင် သော် လည်းကောင်း၊ မိမိ၏မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်၊ သားသမီးတဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ" ဟု ပြဋ္ဌာန်းပါရှိသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင်သို့ တက်ရောက်ခွင့်ရှိသူ ၆၅၄ ဦးအနက် ခွင့်ဖြင့်ပျက်ကွက်သူ ၁၅ ဦးခန့်ရှိပြီး ၉၅ ရာခိုင်နှုန်း တက်ရောက်သည်ဟုလည်း သိရသည်။

လွှတ်တော်အစည်းအဝေးသို့ ခွင့်ယူထားသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သိန်းတို့လည်း ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်ပခရီးစဉ်များအတွင်း ပင်ပန်းခြင်းကြောင့် ယခုလ ၆ ရက်နေ့အထိ လွှတ်တော်တက်ရန် ခွင့်ယူထားသည်ဟုလည်း NLD လွှတ်တော်အမတ်နှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းကို ဆွေးနွေး ခဲ့သည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် စတင်ခေါ်ယူကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဥပဒေနှင့် မီဒီယာဥပဒေတို့ကို
ဆွေးနွေးရန်ရှိမည်ဟု လွှတ်တော်အမတ်များက ခန့်မှန်းကြသည်။
MIZZIMA
ဘကြီးသက်
Unknown at 8:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အသက်မပြည့်သည့် စက်ရုံလုပ်သား ၄၀ ကျော်ကို အလုပ်ထုတ်


လှိုင်သာယာစက်မှုဇုန်-၁ အတွင်းရှိ ဆန္ဒပြစက်ရုံများမှ တစ်ခုဖြစ်သော တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံရှိ လုပ်သား ၄၀ ကျော်ကို အလုပ်ရုံဥပဒေအရ အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစိစစ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

အဆိုပါ စက်ရုံတွင်း၌ ၁၅ နှစ်အောက် လူငယ်လုပ်သား ၄၀ ကျော်အား သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးတွေ့ရှိ၍ ဇွန်လ ၂၉ ရက်တွင် စက်ရုံပိုင်ရှင်က ၎င်းတို့အား လုပ်ခငွေအပါအ၀င် အလုပ်ရပ်စဲမှု စုစုပေါင်းဝန်ထမ်း အားလုံးအတွက် ကျပ် ၃၇ သိန်းကျော်ပေး၍ အလုပ်မှရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။

“နောက်ဒီလိုမဖြစ်အောင် စက်ရုံပိုင်ရှင်ကို သတိပေးလက်မှတ် ထိုးခိုင်းထားတယ်။ စည်းကမ်းမလိုက်နာရင်တော့ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာပါ။ အခုထွက်သွားတဲ့ ကလေးတွေကိုတော့ ဘယ်လိုဆောင်ရွက်ပေးရမှာလဲ။ သူတို့အသက်မီမှ အလုပ်ပြန်လုပ်ပေါ့။ ဒါမှဥပဒေအရ အလုပ်လုပ်လို့ရမှာ”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်အား ယင်းလုပ်သားများ၏ စားဝတ်နေရေးအတွက် မည်သို့ဆောင်ရွက်ပေးရန်ရှိလဲဟု မေးမြန်းသည့်အခါ ၎င်းကပြန်လည်ဖြေကြားသည်။

၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေပုဒ်မ ၇၇ အရ ၁၅ နှစ်နှင့်အထက် လူငယ်လုပ်သားများအား လူကြီးလုပ်သားအဖြစ် အလုပ်လုပ်ကိုင်ရန် သင့်လျော်ကြောင်း တာဝန်ခံဆရာဝန်လက်မှတ်ဖြင့် တစ်နှစ်တစ်ခါ ဆေးစစ်ချက်ယူ၍ အလုပ်လုပ်ကိုင်ခွင့်ရှိပြီး တာဝန်ခံဆရာဝန် လက်မှတ်အား စက်ရုံမန်နေဂျာက သိမ်းဆည်းထားရန် လိုအပ်ကြောင်း သိရသည်။

“လက်ရှိ တည်ဆဲဥပဒေအရဆိုရင် အသက် ၁၅ နှစ်ပြည့်ပြီး ၁၈ နှစ်အတွင်းက အလုပ်လုပ်ကိုင်ခွင့် ရှိတယ်။ သူတို့ကို လူကြီးကဲ့သို့ အလုပ်လုပ်ကိုင်ရန် သင့်တော်ကြောင်း၊ ပြဋ္ဌာန်းထားသည့် ကာယဗလအဆင့်အတန်း ရောက်ရှိပြီဖြစ်၍ အလုပ်လုပ်ရန် သင့်တော်ကြောင်း တာဝန်ခံလက်မှတ် ထုတ်ပေးသည့် ဆရာဝန်ထံ ဆေးစစ်ချက်ယူရတယ်။ ၁၈ နှစ်ကျော်ရင်တော့ ဒီလိုလုပ်စရာ မလိုတော့ဘူး”ဟု ဦးဝင်းရှိန်က ပြောသည်။

အလုပ်ရုံဥပဒေအရ အသက် ၁၅ နှစ် မပြည့်သေးသူများအား ကလေးဟု သတ်မှတ်ပြီး ၁၅ နှစ်မှ ၁၈ နှစ်တွင်းရှိ သူများအား လူရွယ်ဟုသတ်မှတ်ကာ ၁၈ နှစ်ပြည့်ပြီးသူများအား လူကြီးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

“အသက် ၁၅ နှစ်အောက်တွေ့လို့ အရေးယူပြီး အလုပ်က အင်အားလျှော့လိုက်တာကတော့ မျှတမှုမရှိဘူး။ ကျောင်းနေတဲ့အရွယ်မှာ စာမသင်နိုင်ဘဲ အလုပ်လုပ်ရတာ။ အလုပ်ကနေ အင်အားလျှော့ပြီး မဖြေရှင်းဘဲ ကလေးတွေရဲ့ဘ၀ကို စဉ်းစားပြီး နိုင်ငံတော်က ဘယ်လိုတာဝန်ယူပေးမလဲ စဉ်းစားဖို့လိုပါတယ်”ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူ ရှေ့နေဦးဌေးက ပြောသည်။

စက်မှုအလုပ်သမားများအရေး လိုက်ပါဆောင်ရွက်နေသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မသက်သက်အောင်က ထိုကိစ္စနှင့် ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပြုသည်။

“အရှင်းဆုံးပြောရမယ်ဆိုရင် အသက်မပြည့်ဘဲ အလုပ်ခန့်ထားပြီး အခုမှ အလုပ်က အင်အားလျှော့လိုက်တော့ ဒီကလေးတွေ ဘယ်ကိုရောက်သွားမလဲပဲ စိတ်ပူတယ်။ သူတို့ရဲ့ အနာဂတ်ကို စိတ်ပူတယ်။ ဥပဒေအရဆိုရင်က ဒီအသက်အရွယ်က မိဘပိုင်အလုပ် မဟုတ်ဘူးဆိုရင် တခြားအပြင်မှာ အလုပ်လုပ်ခွင့်မရှိဘူး။ သူတို့ရဲ့ အနာဂတ်တွေအရ သူတို့ရောက်မယ့်နေရာတွေက ကောင်းတဲ့နေရာကို ရောက်ဖို့အရေးကြီးတယ်”

လှိုင်သာယာစက်မှုဇုန်-၁ တွင်းရှိ တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ၌ စုစုပေါင်းလုပ်သား ၁၀၀၉ ဦးရှိသည့်အနက် ၁၅ နှစ်မှ ၁၈ နှစ်ကြားရှိ အလုပ်သမားဦးရေ ၉၁ ဦးအား စစ်ဆေးတွေ့ရှိပြီး ၁၅ နှစ်အောက် အလုပ်သမားဦးရေ ၄၀ ကျော်ရှိကြောင်း သတင်းရရှိသည်။

7Day News Journal

ဘကြီးသက်
Unknown at 8:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ရုပ်သံ နှင့် အမေးအဖြေများ

၂၀၁၂ခုနှစ်ဇူလိုင်လ (၃)ရက်နေ့နံနက် ၉နာရီခွဲခန့်တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဒေါက်တာအောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးနောက် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာအချို့၏ မေးမြန်းချက်များကို စုစည်းတင်ပြအပ်ပါသည်။
ဒေါက်တာအောင်ဆန်းစုကြည်အနေဖြင့်နော်ဝေး၊ အင်္ဂလန် ၊ ပြင်သစ်အပါအ၀င်နိုင်ငံ (၅)ခု ခရီးစဉ်ကို သွားရောက်ခဲ့ခြင်းဖြင့် အဆိုပါနိုင်ငံများမှ ပြည်သူများသည် မြန်မာနိုင်ငံပေါ်အလေးအနက်ထားခြင်းကို အာရုံစိုက်သလို ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မြင့်မားလာခြင်းအတွက်လည်း ထောက်ခံအားပေးသူများ အများအပြားရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။
သတင်းထောက်များရဲ့ မေးမြန်းချက်များနှင့် အဖြေများကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။
မေး။              ။ဥရောပနိုင်ငံက ပိတ်ဆို့အရေးမှုအားလုံးကို ဖယ်ရှားပေးပြီလို့မြင်ပါသလား။
ဖြေ။              ။အခုဟာတွေက သူတို့တွေက ဆိုင်းငံ့ထားတာတွေရှိတယ်။ ဆိုင်းငံ့ထားပြီဆိုရင် စလုပ်ပေါ့။ ဆိုင်းငံ့ထားတာနဲ့ ဖယ်ရှားတာမတူဘူးဆိုပေမဲ့ ဆိုင်းငံ့တာတောင်မှ မထူးခြားဘူးဆိုရင် ဖယ်ရှားလို့ရော ထူးခြားနိုင်မလားလို့ မေးစရာဖြစ်တာပေါ့။ ဆိုင်းငံ့ထားပြီဘဲ အဲ့မှာရတဲ့အခွင့်အရေးတွေကို ယူပြီးတော့ အောင်မြင်အောင်လုပ်ရမှာပေါ့။
မေး။              ။အန်တီစုအနေနဲ့ လွှတ်တော်အပေါ်ထင်မြင်ယူဆချက်ပြောပြပေးပါ။
ဖြေ။              ။ဥပဒေတွေကတော့ အများကြီးပါဘဲ ဒါပေမဲ့ ဥပဒေပြုရေး ၊ ပြုပုံပြုနည်းတွေကလည်း ပြုပြင်ဖို့လိုတယ်လို့ ကျွန်မထင်ပါတယ်။ ဥပမာဆိုရင် ဥပဒေပြုနေတဲ့ အချိန်အခါမှာ ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ အခုဆိုရင် ဥပဒေတွေဟာ ဥပဒေပြုပြီးမှ ဥပဒေဖြစ်တဲ့အခါကျမှ ဥပဒေကို ထုတ်ပြန်ပြီးတော့မှဘဲ အများပြည်သူကလေ့လာပြီး ဒီဥပဒေထဲမှာ ဘာရှိလဲဆိုတာကို သိရမယ် တကယ်ဆိုရင် ဥပဒေမပြုခင် လွှတ်တော်ထဲက ဥပဒေပြုဖို့ ဆွေးနွေးနေတဲ့ အချိန်အခါတောင်မှ ပွင့်လင်းမြင်သာမှုရှိဖို့ လိုပါတယ်။ ဒါမှ ပါဝင်ပတ်သက်မယ့်သူ အားလုံးဟာ ဒီပြဌာန်းမယ့် ဥပဒေထဲမှာ ပါတဲ့အချက်အလက်တွေကို လေ့လာပြီးတော့ လိုရင်လိုသလို ပိုရင်ပိုသလို ပြောဆိုနိုင်တဲ့အခါကျတော့ မပြုပြင်ကတည်းက အကောင်းဆုံးဖြစ်အောင် စီစဉ်နိုင်မယ်လို့ ထင်ပါတယ်။ တခြားဥပဒေပြုပြင်တာတို့ တခြားမသင့်တော်တဲ့လူကို ဖယ်ရှားတာတို့ ဒါတွေကလည်း လုပ်ရမှာဘဲ။ ဘာဘဲလုပ်လုပ် ပွင့်လင်းမြင်သာမှုရှိမှ ပြည်သူကလည်း ပါဝင်ပတ်သက်နိုင်ရမယ်လို့ မြင်ပါတယ်။
မေး။              ။အန်တီအနေနဲ့ လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ constitutionကိုလည်း ပြုပြင်မယ်လို့ အန်တီပြောခဲ့တယ်ပေါ့နော် အခုလာမယ့်လွှတ်တော်မှာ ဘယ်ဟာကို အရင်ဆုံးဆွေးနွေးသွားမှာပါလဲ။
ဖြေ။              ။တရားဥပဒေစိုးမိုးရေးကို ပထမဦးဆုံး ထည့်ထားတာက တရားဥပဒေစိုးမိုးရေးဟာ အခြေခံကျတယ်လို့ ထင်လို့ပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာကလဲ တရားဥပဒေစိုးမိုးရေးနဲ့ တအားကြီးဆိုင် ပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေစိုးမိုးရေးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကို ဦးစားပေးပြီးတော့ လုပ်မယ်။ ဒါပေမဲ့ ဟိုနှစ်ခုကိုလဲ ပူးတွဲပြီးတော့ လုပ်မယ်။
မေး။              ။ရွေးကောက်ပွဲကော်မရှင်ကနေ မြန်မာနိုင်ငံကို Burma ဆိုပြီးလုပ်တာနဲ့ ပတ်သက်ပြီးတော့ အသိပေးထားတယ်လို့ သိရပါတယ်။ အန်တီဘာများပြောချင်တာရှိပါသလဲ။
ဖြေ။              ။အဲ့ဒီကိစ္စက ဥပဒေပြုရေးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ နောက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ အဲ့ဒါကို ကျွန်မတို့ရှေ့နေကြီး ဦးဥာဏ်ဝင်းကနေ ဥပဒေရှု့ထောင့်ကနေပြီးတော့ ရှင်းပြပါလိမ့်မယ်။
ဦးဥာဏ်ဝင်းဖြေ။          ။အဲ့ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆိုင်တယ်။ ဒီဟာမျိုးကော်မရှင်က စာပို့တဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ကိုးကားပြီးတော့ ကျွန်တော်တို့ ပြောရမယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပထမဆုံးပြောချင်တာက ကျွန်တော်တို့အားလုံး လိုက်နာကြရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဗမာပြည်မှာ ဘယ်နှစ်ခုရှိလဲ။ တစ်ခုပဲရှိတယ် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဒီထက်ပိုရှင်းအောင်ပြောရရင် ဗမာလိုပဲရှိတယ်။ မြန်မာစာနဲ့ပဲရှိတယ်။ အင်္ဂလိပ်လို မရှိပါဘူး။ ကျွန်တော်တို့ ၂၀၀၈ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်တယ်။ အဲ့ဒီတုန်းက အစိုးရထုတ်ခဲ့တာ မြန်မာလို၊ တကယ်ကလဲ ကျွန်တော်တို့ မြန်မာလို ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ကျွန်တော်တို့ကို အသိပေးခဲ့တာပါ။ အခုပြည်ထောင်စုကော်မရှင်က ပြောနေတာက အင်္ဂလိပ်လို အသုံးအနှုန်းကို ပြောနေတာ Republic of the Union of Myanmar / Burma ကိုပြောနေတာ အင်္ဂလိပ်လို ဖွဲ့စည်းပုံအခြေခံဥပဒေကျွန်တော်တို့တိုင်းပြည်မှာ မရှိဘူး ဒါကြောင့်၊ အခုပြောကြားခြင်းဟာ လွဲမှားနေတယ်လို့ ကျွန်တော်ပြောချင်တယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ဗမာလိုပဲရှိတယ်ဆိုတာ ကျွန်တော့်သဘောနဲ့ ကျွန်တော်ပြောနေတာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၅၄)မှာ ဖော်ပြထားတာက မြန်မာလိုစာမူတစ်ခုကို မော်ကွန်းတိုက်မှာ ထားရမယ်။ အဲ့ဒါဟာသက်သေအရ တည်စေသော် အဲ့တော့ ကျွန်တော်တို့က မြန်မာလိုပဲ ရှိတယ်။ အင်္ဂလိပ်လိုမရှိဘူး။ ကျွန်တော်တို့ကိုင်တဲ့စာအုပ်ကိုမြင်ဖူးမှာပါ အဲ့ဒီမှာ အင်္ဂလိပ်လိုပါခြင်းသည် သက်ဆိုင်ရာဌာနသော်လည်းကောင်း ပုဂ္ဂိုလ်သော်လည်းကောင်း သူတို့ဘာသာ ဘာသာပြန်ပြီးထည့်ထားတာ။ တရားဝင်ဘာသာပြန်မဟုတ်ဘူး။ အဲ့တော့ ကိုးကားတဲ့ အင်္ဂလိပ်စကားလုံးသည် ဆီလျော်ခြင်းမရှိဘူးလို့ ပြောချင်ပါတယ်။ အဲ့ဒါကြောင့် ပြည်ထောင်စုကော်မရှင်ကို ကျွန်တော်တို့အနေနဲ့ကတော့ ဥပဒေရှု့ထောင့်အရ လက်မခံနိုင်ပါဘူး။
မေး။              ။မြန်မာနိုင်ငံရဲ့ပညာရေးကိုရော အန်တီအနေနဲ့ ဘယ်လိုမြင်ပါသလဲ ၊ ဘယ်လိုအဆင့်တွေကို ပြင်လိုက်မယ်ဆိုရင် ပိုကောင်းသွားမယ်ထင်လဲ။
ဒေါက်တာအောင်ဆန်းစုကြည် ဖြေ။                 ။ ပညာရေးနဲ့ပတ်သက်လို့ ဒီနိုင်ငံက ပညာရေးမှာ လုပ်စရာတွေက အများကြီးပါ။ ချက်ချင်းလက်ငင်းလုပ်ရမယ့်အထဲမှာ ကျွန်မခဏခဏပဲပြောတဲ့ကိစ္စကတော့ အသက်မွေးဝမ်းကျောင်းပညာပဲပေါ့နော်။ ဒီလိုပြောရခြင်းအကြောင်းက ကျွန်မတို့နိုင်ငံက လူငယ်တွေ အလုပ်လက်မဲ့ဖြစ်နေရတဲ့ အကြောင်းပါ။ အလုပ်လက်မဲ့လူငယ်တွေ အလုပ်ရဖို့ဆိုရင် အသက်မွေးဝမ်းကျောင်း ပညာသင်ပေးဖို့လိုပါတယ်။ နောက်ပြီး အလုပ်လဲဖန်တီးပေးရမှာပေါ့နော်။ အသက်မွေးဝမ်းကျောင်း ပညာသင်ပေးပြီးတော့ အလုပ်မဖန်တီးပေးရင် ဒီပညာတတ်ပြီး အလုပ်မရှိရင်လည်း မဖြစ်ဘူး။ အလုပ်တွေဖန်တီးပေးပြီးတော့ အလုပ်တွေ လုပ်နိုင်တဲ့ အရည်းအချင်းရှိတဲ့ပုဂ္ဂိုလ်တွေ မရှိလို့ရှိရင်လည်း မဖြစ်ဘူး။ ကျွန်မတို့ရဲ့ ကျောင်းပညာရေးစနစ်ကတော့ အခြေခံကနေပြီးတော့ စပြီးပြုပြင်ရမှာပေါ့။ ဘယ်ကစပြင်ရမလဲဆိုရင် ဆရာ/ဆရာမတွေကနေ စပြင်ရမယ်။ ဆရာ/ဆရာမတွေက ကောင်းကောင်းသင်ကြားပေးနိုင်မှလည်း၊ ကျွန်မတို့ ကျောင်းသူကျောင်းသားတွေ ကလေးတွေဟာ ပညာကောင်းကောင်းတက်နိုင်မှာပါ။ ပညာရေးအတွက် အစားလိုနေတာဟာ ကျောင်းသူကျောင်းသား တွေအတွက်လဲ နာတယ်။ ကျွန်မတို့နိုင်ငံဟာ ကမ္ဘာကြီးနဲ့ကိုက်ညီအောင် တကယ့်ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ သတ်မှတ်ပြီးတော့ လုပ်ရပါမယ်။
မေး။              ။အန်တီအနေနဲ့အန်အယ်လ်ဒီပါတီနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။     ။ ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့ကတော့ အစဉ်တစ်ဆိုက်ပဲ တရုတ်နိုင်ငံနဲ့ ဆက်ဆံ့ရေးကောင်းဖို့ ကြိုးစားခဲ့ပါတယ်။ အခုလဲ ဒီလိုပဲ ထက်ပြီးတော့ ကြိုးစားသွားမှာပဲ။ ကြိုးစားသလောက်ကို အသီးအပွင့်တွေက ဖြစ်မြောက်မယ်လို့ ကျွန်မအနေနဲ့မြင်ပါတယ်။
မေး။              ။ဒီနေ့ နိုင်ငံပိုင်အစိုးရကနေ နိုင်ငံရေးအကျဉ်းသား(၈၀)လွှတ်ပေးမယ်ဆိုတဲ့အပေါ်ရော အန်တီအနေနဲ့ဘယ်လိုမြင်ပါသလဲ၊ အန်အယ်လ်ဒီနိုင်ငံရေးအကျဉ်းသားကရော ဘယ်လောက်များရှိပါသလဲ။
ဖြေ။     ။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်လို့ကတော့ အားလုံးလွတ်ပေးပါလို့။ ကျွန်မတို့အမြဲပြောထားတယ် ။ ကျွန်မတို့အန်အယ်လ်ဒီက နိုင်ငံရေးအကျဉ်းသားက(၃၃၀)ရှိပါတယ်။ တကယ်လို့ အကုန်မလွှတ်သေးဘူးဆိုရင် ကျွန်မတို့အနေနဲ့ ဆက်လက်ပြီးလွှတ်ပေးဖို့ တောင်းဆိုသွားမှာပါ။
မေး။              ။အန်တီအနေနဲ့ပေါ့ ပြည်ပမှာ Burma လို့သုံးရတဲ့ အန်တီရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။
ဖြေ။     ။ ကျွန်မတို့ မြန်မာနိုင်ငံကို လွတ်လပ်ရေးရပြီးကတည်းက အင်္ဂလိပ်ဘာထည့်ကနေ တရားဝင် ဗားမားလို့သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဗားမားလို့ သုံးခဲ့တာကို န၀တ ခေတ်မှာပြောင်းခဲ့ပါတယ် ပြောင်းတုန်းက ဒီကိစ္စကို ပြည်သူလူထုရဲ့ ဆန္ဒကိုလုံးဝမလေ့လာခဲ့ဘူး။ ဆန္ဒခံယူပွဲမလုပ်တာကိုပြောတာမဟုတ်ပါဘူး။ ပြည်သူတွေ့ ရဲ့သဘောထားတွေကိုလေ့လာမှုမရှိပဲနဲ့ တစ်နေ့မှာဒီလိုပဲပြောင်းလိုက်တာ ကျွန်မသိသလောက်။ အဲတုန်းက အကျယ်ချုပ်ခံနေရတော့ အသေးစိတ်တော့မသိဘူး။ ကျွန်မ ရေဒီယိုကြားတော့ နံမည်ကပြောင်းသွားပြီ။ ဒါကိုမူအားဖြင့်မလုပ်သင့်ဘူးလို့ ကျွန်မအနေနဲ့ထင်တယ်။ ဒီလိုနိုင်ငံတစ်နိုင်ငံရဲ့နံမည်ကို နိုင်ငံခြားသားတွေသုံးဖို့ကိုပြောင်းတယ်ဆိုရင်တောင် နိုင်ငံသူနိုင်ငံသားတွေရဲ့အထင်အမြင်ကိုတော့ နည်းနည်းတော့သုံးသပ်သင့်တယ်။ ဒါဟာဘာလဲဆိုတော့ ပြည်သူကိုလေးစားတဲ့သဘောရတယ်။ နောက်တစ်ခုကလည်း ဦးဥာဏ်ဝင်းပြောသလို ဘာဥပဒေမှမရှိဘူး ဒီလိုနံမည်သုံးရမယ်။ ဥပမာ.. အင်္ဂလန်လို့ တရားဝင်ခေါ်နေတာ အမှန်တကယ်က ယူနိက်တက် ကင်တန်ပါ ဒါပေမယ့် ကျွန်မတို့ဒီအတိုင်းပဲခေါ်နေတာ အင်္ဂလန်လို့ပဲပြောတာပဲ ဗြိတိန်လို့လဲပြောတာပဲ။ ယူကေလို့ အမှန်တကယ်ပြောခဲ့တယ်။ ဘယ်သူမှလဲဒါကိုမပြောကြပါဘူး။ ကိုယ့်သင့်တော်သလိုပြောတာပဲ။ ပြင်သစ်မှာဆိုရင်လဲ မြန်မာနိုင်ငံကို ဗြမာနီလို့ပြောတာပဲဒါသူတို့ ပြင်သစ်စကားလေ။ ကျွန်မတို့ ပြင်သစ်နိုင်ငံကို ပြင်သစ်လို့ခေါ်တယ်။ ပြင်သစ်နိုင်ငံကလည်း ကျွန်မတို့ကို လာဖလွန်း လို့ခေါ်ရမယ်လို့လာမပြောဘူး။ ဒီဟာတွေက ဒီမိုကရေစီရဲ့အခြေခံသဘောတရားတွေနဲ့ဆိုင်တယ်လို့ နံပတ် ၁ အနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နံမည်နဲ့ပတ်သက်လို့ တရားဝင် နံမည်ပဲဖြစ်ဖြစ် ကုလသမဂ္ဂမှာသုံးဖို့ဆိုပြီးပေးလိုက်တဲ့ နံမည်ပဲဖြစ်ဖြစ် ပြည်သူပြည်သားတွေရဲ့သဘောတရားကိုလေ့လာပြီးမှာ လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါက ဒီမိုကရေစီအမြင်ပေါ့။ ပြည်သူတွေကိုလေးစားတဲ့အနေနဲ့ ပြည်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ်ပြောဆိုပိုင်ခွင့် ဆိုတာဟာ ဘယ်သူ့ကိုမှလဲ စော်ကားတာမဟုတ်ဘူး။ အဲဒါကလည်း ဒီမိုကရေစီရဲ့မူဝါဒ၊ ဒီမိုကရေစီသဘောတရားတွေနဲ့ဆိုင်တယ်။ ကျွန်မက ဒီမိုကရေစီကိုယုံကြည်လို့ ကျွန်မဘာသာလွတ်လွတ်လပ်လပ်သုံးခွင့်ရှိတယ်လို့ယူဆတယ်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပ သတင်းထောက် (၅၀)၀န်းကျင်ခန့် တက်ရောက်ခဲ့ပြီး နံနက်၁၀နာရီ၂၀မိနစ်ခန့်အချိန်တွင် ပြီးဆုံးခဲ့သည်။

ဝင့်သင်ဇာကျော်(မြစ်မခ)

by Myit Makha Mediagroup



ဘကြီးသက်
Unknown at 9:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

RCSS/SSA အား ထိုင်းအစိုးရက ဆုချီးမြှင့်ခြင်းကို မြန်မာအစိုးရမှ ကန့်ကွက်


RCSS/SSA အား ထိုင်းအစိုးရမှ ချီးမြှင့်သည့် ရွှေလင်းယုန်ဆု (Photos : Tai Freedom)
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA အား ထိုင်းအစိုးရမှ မူးယစ်ဆေးဝါး လက်တွဲနှိမ်နင်းရေးဆု ဂုဏ်ပြုပေးအပ်ချီးမြှင့်သည်ကို မြန်မာအစိုးရမှ ကန့်ကွက်လိုက် ကြောင်း သိရှိရပါသည်။

“တရားဝင် စာပေးပို့လာတာတော့ မဟုတ်ဘူး။ ထိုင်းက မြန်မာနိုင်ငံရဲ့ အတွင်းရေး(နိုင်ငံရေး)ကို ဝင်ရောက် စွက်ဖက်တယ်လို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ပြောလာတာ” ဟု ထိုင်းအာဏာပိုင် တစ်ဦးက ပြောပါသည်။

ထိုင်းအစိုးရမှ RCSS/SSA အား ရွှေလင်းယုန်ဆု ချီးမြှင့်သည်ကို မြန်မာအစိုးရက ကန့်ကွက်သည့်အပြင် ဧပြီလ ၂၀ ရက် ထိုင်းအစိုးရမှ အလိုရှိမူးယစ်ရာဇာစာရင်း ၂၅ ဦးထုတ်ပြန်ရာ၌ မြန်မာနိုင်ငံသားများ ဖြစ်သော စိုင်းနော်ခမ်း (ဘတ်ငွေ ၂ သန်း)၊ DKBA ခေါင်းဆောင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး (ဘတ် ၁ သန်း)နှင့် ယီဆေး (ဘတ် ၁ သန်း) ပါဝင်နေသည်ကိုလည်း မကျေနပ်ကြောင်း၊ စာရင်းထုတ်ပြန်မည် ဆိုပါက မြန်မာအစိုးရနှင့် ဦးစွာဆွေးနွေးသင့်ကြောင်း ပြောဆိုလာသည်ဟု ထိုင်းလုံခြုံရေး အာဏာ ပိုင်တစ်ဦးက ဆို၏။

“ဆုချီးမြှင့်တာ မြန်မာအစိုးရက ကန့်ကွက်တာနဲ့ ပတ်သက်ပြီးတော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ ဒါပေမဲ့ ထိုင်းအစိုးရက ကျနော်တို့ကို ဆုချီးမြှင့်မယ်ဆိုတာလည်း ကြိုတင်ပြီးမသိဘူး။ ဆုလာရောက်လက်ခံဖို့ အကြောင်းကြားလာမှ သိရတာ။ ကျနော်တောင် တော်တော်အံ့ဩသွားတယ်။ မူးယစ်ဆေးဝါး လက်တွဲတိုက် ဖျက်ဖို့ဆိုတာ ကျနော်ရဲ့ တာဝန်ဖြစ်တယ်။ ဂုဏ်ပြုဆုတို့ဆိုတာ ဘာမှမျှော်လင့်မထားပါဘူး။ ဒါပေမဲ့ အခုလို ဆုချီးမြှင့်တဲ့အတွက်ကြောင့် ဂုဏ်ယူဝမ်းမြောက်ပါတယ်” ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် က သျှမ်းသံတော်ဆင့်ကို ပြောပါသည်။

ထိုင်းအစိုးရက မြန်မာအစိုးရအား မည်သို့အကြောင်းပြန်သည်ကို မသိရသေးကြောင်း၊ တိုင်းတပါးက မြန်မာနိုင်ငံသားအား ဆုချီးမြှင့်သည်ကို မြန်မာအစိုးရက ဂုဏ်ယူမည်ဟု ထင်မှတ်ခဲ့ကြောင်း၊ သို့သော် မြန်မာအစိုးရက ကန့်ကွက်သည်ကို အံ့အားသင့်မိကြောင်း ထိုင်းအစိုးရဝန်ထမ်းတစ်ဦးက ဆို၏။

သျှမ်းပြည်တပ်မတော်-တောင်ပိုင်း ဟု လူသိများသည့် RCSS/SSA သည် ၁၉၉၈ ခုနှစ်မှ၌ ဖမ်းဆီးရရှိ သည့် မူးယစ်ဆေးဝါးတို့ကို မီးရှို့ဖျက်ဆီးကာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရန် ပေါ်လစီချမှတ် ထားကြောင်း လူသိရှင်ကြား ကြေငြာခဲ့သည်။ သို့သော် ၎င်း၏ ပြိုင်ဖက်များက RCSS/SSA သည်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အပစ်ရပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၌ RCSS/SSA လည်း တစ်ဖွဲ့အပါအဝင်ဖြစ်သည်။ လွန်ခဲ့သည့် မေလ ၁၉ ရက် ကျိုင်းတုံ၌လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီချက် ရရှိခဲ့သည်။

သျှမ်းသံတော်ဆင့်သတင်း

ဘကြီးသက်
Unknown at 8:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘင်္ဂလီဆိုင်ခန်းများအား ပြောင်းရွှေ့ခိုင်းပြီးနောက် စစ်တွေမြို့မဈေးကြီး ပြန်ဖွင့်မည်


လွန်ခဲ့သည့်(၂)ပါတ်အကြာကတည်းကပိတ်ထားရသောစစ်တွေမြို့မဈေးကြီးကိုဇွန်လ(၄)ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရှိရရှိသည်။

“ဈေးအတွင်းမှာရှိတဲ့ဘင်္ဂလီတွေပိုင်တဲ့ဆိုင်ခန်းတွေကပစ္စည်းတွေကိုထုတ်လိုက်ပါပြီ၊ရခိုင်ဆိုင်ခန်းတွေပဲ ကျန်ပါတော့တယ်’’ဟု မြို့မဈေး အနီးမှ ဒေသခံတစ်ဦးကပြောသည်။

ယနေ့တွင်စစ်တွေမြို့မြို့မဈေး၌တာဝန်ရှိသူတို့အစည်းဝေးပြုလုပ်၍ဇွန်လ(၄)ရက်နေ့ဖွင့်လှစ်နိုင်ရန်ဆုံးဖြတ်ခဲ့ပြီးစစ်တွေမြို့မဈေး အတွင်းရှိဘင်္ဂလီဆိုင်ခန်းများမှပစ္စည်းများကိုပိုင်ရှင်များသို့ပေးအပ်ခဲ့ပြီးနောက်ဈးကို ပြန်လည်ဖွင့်လှစ်ရန် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

“မနက်ဖြန် မနက် ၈နာရီမှာ သံဃာတော်တွေပင့်ပြီးတော့ ဈေးကို ပရိတ်နာပါမယ်၊ နေ့လည်ပိုင်းလောက် မှာတော့ ဖွင့်ဖြစ်ဖို့ များပါတယ်၊အခု စည်ပင်က လူကြီးတွေနဲ့ ဈေးက တာဝန်ရှိသူတစ်ချို့ အစည်းဝေး လုပ်ကြ ပါတယ်”ဟု စစ်တွေမြို့မဈေးကြီးတွင် တာဝန်ကျရဲအရာ ရှိတစ်ဦးကပြောသည်။

လူမျိုးရေးအဓိကရုဏ်းများကြောင့်စစ်တွေမြို့ မြို့မဈေးကြီးကိုယခုလ (၈)ရက်နေ့က အရေးပေါ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

 “စစ်တွေအခြေနေမှာတည်ငြိမ်နေပါတယ်၊ပထမတော့ဈေးကိုဘင်္ဂလီတွေလာပြီးမီးရှို့မယ်ဆိုတဲ့သတင်းတွေထွက်လာကြောင့် မြို့မဈေးကို မဖွင့်ပါဘူး၊ အခုဆိုရင် မြို့မဈေးမှာဘင်္ဂလီဈေးဆိုင်ခန်းတွေက ပစ္စည်းတွေ ကို ပိုင်ရှင်တွေနဲ့ထုတ်ယူပြီး ဘင်္ဂလီတွေနေထိုင် တဲ့နေရာတွေဆီ ရွှေ့ပြောင်းလိုက်ပါပြီ၊ ဒါကြောင့် ဈေးဆိုင်ကို လည်းဖွင့်ဖို့အတွက်  တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းဆုံးဖြတ်ချက်အရ  ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ’’ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ဒေသခံအများစုကမူစစ်တွေမြို့မဈေးကြီးအမြန်ဖွင့်ရန် လိုလားနေကြကြောင်းသိရသည်။ လက်ရှိအချိန်တွင် စစ်တွေမြို့မဈေးကြီးအတွင်း လုံခြုံရေးချထားဆဲဖြစ်သည်။

“မေယုဈေးတော့ဖွင့်ထားပါပြီ မြို့မဈေးကြီးပဲဖွင့်ဖို့ကျန်ပါတော့တယ်’’ဟုမေယုဈေးတွင်း ဈေးရောင်းနေသူ ဦးလှဝင်းကပြောသည်။

မိုးဝေ (မြစ်မခ)
by Myit Makha Mediagroup

ဘကြီးသက်
Unknown at 8:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စီးပွားရေး ဦးမော့ဖို့ မျိုးဆက်နဲ့ချီ လုပ်ရမယ်လို့ ADB ပြော



တိုင်းပြည်ဖွံ့ဖြိုးရေးမှာ ပျက်စီးဟောင်းနွမ်းနေတဲ့ လမ်းတံတားနဲ့ ပို့ဆောင် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ၊ အားနည်းချိနဲ့နေတဲ့ လူမှုအဖွဲ့အစည်းစတဲ့ အဓိကကျတဲ့ စိန်ခေါ်မှုတွေကို အမြန်ဖြေရှင်းဖို့က အရေးကြီးတယ် (ဓာတ်ပုံ- Reuters)

မြန်မာ့စီးပွားရေး ပြန်လည်ခေါင်းထောင်ပြီး အရှေ့တောင်အာရှဒေသတွင်း အောင်မြင်နေတဲ့ တခြားနိုင်ငံများကို မှီဖို့ မျိုးဆက်နဲ့ချီ အလုပ်လုပ်ရဦးမယ်လို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank – ADB) ဒု ဥက္ကဋ္ဌ မစ္စတာ စတိဗ်ဂရော့ဖ်က ပြောဆိုလိုက်ပါတယ်။
ADB က မကြာသေးမီက မြန်မာပြည်မှာ စီးပွားရေးလေ့လာမှု ပြုလုပ်ခဲ့ပြီး စစ်တမ်းထုတ်ပြန်ချိန်မှာ သူက ဒီလို ပြောဆိုတာပါ။
သမ္မတ ဦးသိန်းစိန်လက်ထက် စီးပွားရေးကဏ္ဍတွေကို ကနဦး လေ့လာဆန်းစစ်ချက်များ ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာ ADB က မြန်မာ့စီးပွားရေးမှာ အခရာကျတဲ့ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွေမှာ အားကောင်းမောင်းသန် ဥပဒေများ အတည်ပြု စိုးမိုးရေးနဲ့ ကဏ္ဍအလိုက် အကောင်အထည်ဖော်မယ့် နည်းဗျူဟာ အကြမ်းဖျဉ်းကို ရေးဆွဲဖို့ တိုက်တွန်းထားပါတယ်။
ဒီတိုက်တွန်းပြောဆိုချက်ဟာ ယခုအပတ်မှာ ပြန်စတဲ့ လွှတ်တော်ညီလာခံများနဲ့ တိုက်ဆိုင်နေပြီး သုံးနှစ်အတွင်း စီးပွားရေးတိုးတက်နှုန်း သုံးဆမြှင့်မယ်လို့ မကြာခင်က သမ္မတဦးသိန်းစိန် ပြောကြားချက်ရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။
“နှစ်စဉ် ပုံမှန် ၆ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်းနဲ့ တက်ခဲ့မယ်ဆိုရင်တောင် အခု ထိုင်းနိုင်ငံ ရောက်နေတဲ့နေရာကို နှစ် ၃၀ လောက် မြန်မာက လုပ်ရဦးမှာ” လို့ စတိဗ်ဂရော့ဖ်က The Wall Street Journal သတင်းစာကို ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ လေးရက်ကြာ သွားခဲ့တဲ့ မြန်မာပြည် ခရီးစဉ်အတွင်း တွေ့ခဲ့ရတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် မြန်မာအစိုးရရဲ့ “စိတ်ဆုံးဖြတ်ချက်” နဲ့ “အရေးထားမှု” ကြောင့် အားတက်ရတယ်လို့ မစ္စတာ စတိဗ်ဂရော့ဖ်က ဆိုပါသေးတယ်။
ဒါပေမယ့် တိုင်းပြည်ဖွံ့ဖြိုးရေးမှာ ပျက်စီးဟောင်းနွမ်းနေတဲ့ လမ်း တံတားနဲ့ ပို့ဆောင်ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ၊ အားနည်းချိနဲ့နေတဲ့ လူမှုအဖွဲ့အစည်းစတဲ့ အဓိကကျတဲ့ စိန်ခေါ်မှုတွေကို အမြန်ဖြေရှင်းဖို့က အရေးကြီးတယ်လို့ မစ္စတာ စတိဗ်ဂရော့ဖ်က ပြောပါတယ်။
မစ္စတာ စတိဗ်ဂရော့ဖ်ရဲ့ ခရီးစဉ်ဟာ ၁၉၈၈ နောက်ပိုင်း ဘဏ်အကြီးအကဲ တယောက်အနေနဲ့ ပထမဦးဆုံးဖြစ်ပြီး မြန်မာက တင်နေတဲ့ ချေးငွေများ ပြန်ဆပ်ရေးနဲ့ ချေးငွေသစ် ပြန်ထုတ်နိုင်ရေးဦးတည်စေမယ့် မြန်မာ့စီးပွားရေး ကဏ္ဍတွေကို ကနဦး လေ့လာသုံးသပ်မှုရဲ့ အဆုံးသတ်လည်း ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်ထဲမှာ မြန်မာပြည်ရဲ့ မြို့ပြဝန်ဆောင်မှုလုပ်ငန်းတွေဟာ “လက်ခံနိုင်မှု အဆင့်အတန်းထက် အကြိမ်ကြိမ် နိမ့်ကျ” နေပြီး ပြည့်စုံကောင်းမွန်တဲ့ သုံးရေ ဖြန့်ဖြူးရေး၊ ရေဆိုးနုတ်ယူရေး၊ အမှိုက်သိမ်းယူရေးနဲ့ မိလ္လာစနစ်တွေ မရှိဘူးလို့ ဆိုပါတယ်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးလည်း ဒေသတလွှား ပျမ်းမျှနှုန်း လူတထောင်၊ လမ်း ၁၁ ကီလိုမှာ မြန်မာက ၂ ကီလိုနှုန်းပဲ အရှည်ရှိပါတယ်။ ကားသုံးစွဲမှုနှုန်းမှာလည်း လူတထောင်မှာ အင်ဒိုနီးရှားက ၂၅၀၊ ထိုင်းက ၃၇၀ နဲ့ မြန်မာက ၁၈ ပါ။
“(မြန်မာပြည်က) အရှေ့တောင်အာရှနိုင်ငံတွေလို မြို့ပြယဉ်ကျေးမှု ထွန်းကားတဲ့နိုင်ငံ မဟုတ်သေးဘူး။ ဝန်ဆောင်မှု လုပ်ငန်းတွေ ပိုတိုးတက်ခေတ်မီလာအောင် ရင်းနှီးမြှုပ်နှံသူတွေ၊ ပုဂ္ဂလိက ကဏ္ဍတွေက လုပ်ရမှာဖြစ်သလို အစိုးရမှာလည်း တာဝန်ရှိပါတယ်” လို့ မစ္စတာ စတိဗ်ဂရော့ဖ်က ပြောပါတယ်။
ဆင်းရဲမွဲတေမှုနှုန်းဟာ တိုင်းရင်းသားနယ်မြေများမှာ အထူးမြင့်မားနေတာကြောင့် မငြိမ်မသက်မှုတွေ ဖြစ်နေရပြီး ပြုပြင်ပြောင်းလဲရေးကို နောက်ကဆွဲထားသလို ဖြစ်နေတယ်လို့ ဘဏ်အစီအရင်ခံစာက ဆိုပါသေးတယ်။ အလုပ်လက်မဲ့နှုန်းနဲ့ လယ်ယာထွက်ကုန် နိမ့်ကျမှုတို့ကြောင့် ချင်းပြည်မှာ လူဦးရေ ၃ ပုံ ၂ ပုံ၊ ရခိုင်မှာ ၂ ပုံ ၁ ပုံ၊ ရှမ်းပြည်မှာ ၃ ပုံ ၁ ပုံဟာ အလွန်အမင်း ဆင်းရဲမွဲတေနေရတယ်လို့လည်း သတိပေးထားပါတယ်။
“တိုင်းနဲ့ပြည်နယ်တွေမှာ စီးပွားရေးတိုးတက်မှုနဲ့ ဆင်းရဲမွဲတေမှု မညီမျှမှုတွေကို ပြောကြရမှာပါ။ တခြားနိုင်ငံတွေမှာလိုပဲ မညီမျှမှုတွေက လူမျိုးရေးနဲ့ လူမှုရေး အဓိကရုဏ်းတွေဆီ ဦးလှည့်သွားပြီး တိုင်းပြည်တိုးတက်ရေး နောက်ကြောင်းပြန်သွားနိုင်ပါတယ်” လို့ စတိဗ်ဂရော့ဖ်က ပြောပါတယ်။
လက်ရှိ ADB ဘဏ်ရဲ့ အနေအထားက ၁၉၈၈ ကတည်းက တင်နေတဲ့ ကြွေးကျန် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ပြန်ဆပ်နိုင်ရေး၊ မြန်မာ့စီးပွားရေး ပြန်လည်တည်ဆောက်ရေးမှာ ချေးငွေသစ် ထည့်ဝင်ရေးတို့အထိ မရောက်သေးဘဲ ကနဦးအဆင့်သာ ရှိသေးကြောင်း စတိဗ်ဂရော့ဖ်က ဆိုပါတယ်။
ဒါပေမယ့် ဘဏ်က နောက်ဆက်တွဲ ထောက်ပံ့မယ့် စီမံကိန်းတွေအတွက် ပိုမိုတိကျတဲ့ စာချုပ်စာတမ်းတွေ ချုပ်ဆိုတာတွေနဲ့ နောက်ဆုံး ငွေထုတ်ချေးတာတွေ လိုက်လာပါလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဘဏ်က ငွေထည့်ဝင်ဖို့ စိတ်ဝင်စားနေတာ လမ်းတံတား အခြေခံအဆောက်အအုံတွေမက ပညာရေးနဲ့ ကျန်းမာရေးမှာပါဖြစ်တယ်လို့ စတိဗ်ဂရော့ဖ်က ဆိုပါသေးတယ်။
ယခုထုတ်ပြန်တဲ့စာတမ်းမှာ လုပ်သားတွေရဲ့ ရပိုင်ခွင့် အကာအကွယ်မဲ့ ဖြစ်နေရတဲ့ သတ္တုတွင်းနဲ့ ကျောက်မျက်တွင်းတူးလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာ နည်းဥပဒေ လုပ်ထုံးလုပ်နည်း အတိအကျကို ရေးဆွဲအတည်ပြုရေးကိုလည်း ADB က တိုက်တွန်းထားကြောင်း လန်ဒန်ထုတ် Financial Times သတင်းစာက ဆိုပါတယ်။
သတင်းစာအဆိုအရ ဂျပန်က အကြွေး ဒေါ်လာ ၃.၇ ဘီလီယံ လျှော်ပေးလိုက်သလို ADB နဲ့ ကမ္ဘာ့ဘဏ်မှာ တင်နေတဲ့ ဒေါ်လာ သန်း ၈၀၀ ကိုလည်း လျှော်နိုင်တယ်လို့ သံတမန်အသိုင်းအဝိုင်းက ခန့်မှန်းပါတယ်။ ဒါပေမယ့် ကြွေးကျန်ကိစ္စ အမြန် ပြေလည်ရင်တောင် ငွေသစ် ထုတ်ချေးနိုင်ဖို့ တနှစ်အချိန် ယူရလိမ့်မယ်လို့ စတိဗ်ဂရော့ဖ်က ပြောပါတယ်။
ADB အနေနဲ့ ရန်ကုန်မှာ ရုံးတရုံးဖွင့်ထားပြီး ဩဂုတ်လမှာလည်း ဘဏ်ရဲ့ ကမ္ဘောဒီးယားနိုင်ငံ ဌာနေ ဒါရိုက်တာ မစ္စတာ ဖုတုကာမာယန ဦးစီးမယ့်ရုံးကို နေပြည်တော်မှာ ဖွင့်ပါလိမ့်မယ်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 12:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လစ်လပ် ဒုတိယသမ္မတနေရာ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဖြစ်မည်ဟု သတင်းများထွက်ပေါ်



လစ်လပ်လျက်ရှိနေသည့် ဒုသမ္မတနေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား အစားထိုးခန့်အပ်မည့် ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း၌ သတင်း များ ထွက်ပေါ်လျက်ရှိသည်။

လက်ရှိအချိန်တွင် ဒုတိယသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦး သည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် တာဝန်မှ အနားယူခွင့် ကို တောင်းခံထား သည် ဖြစ်ရာ အဆိုပါ လစ်လပ်နေရာအတွက် အစားထိုးခြင်းဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတလောင်း ၃ ဦးကို တပ်မတော်မှ အမည်စာရင်းတင်သွင်းသူတစ်ဦး လွှတ်တော်မှ အမည်စာရင်းတင်သွင်း သူတစ်ဦးနှင့် မဲဆန္ဒနယ်အများဆုံး အနိုင်ရသည့် ပါတီမှ အမည်စာရင်း တင်သွင်းသူတစ်ဦး စုစုပေါင်း ၃ ဦးကိုတင် သွင်း၍ ယင်းတို့အနက်မှ သမ္မတကိုရွေးချယ် သည့်စနစ်ဖြစ်ရာ ဒုတိယ သမ္မတ(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး သည် တပ်မတော်မှ အမည်စာရင်း တင်သွင်းခဲ့သူဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတများ နေရာလစ်လပ်မှု ဖြစ်ပေါ်၍ အစားထိုး ရွေးချယ်ခံရပါက အဆိုပါ ရွေးချယ်ခံရသူသည် ဒုတိသမ္မတ ၀ါစဉ်၏ အနိမ့်ဆုံးအဖြစ်သတ်မှတ် ခံရမည် ဖြစ်ရာ ဦးဌေးဦးသည် ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံရပါက လက်ရှိဒုတိယ သမ္မတဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်း၏ နောက်တွင် ဒုတိယသမ္မတ (၂) အဖြစ် တာဝန်ယူရ မည် ဖြစ်ကြောင်း သိရသည်။

ဇော်ထိုက် - Yangon Media Grou
ဘကြီးသက်
Unknown at 12:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တံခါးဖွင့်စဉ် မြင်တွေ့လိုက်ရသည့် ချည့်နဲ့နေသော ပညာရေး

အဆောင်များသည် လူသူကင်းမဲ့နေသည်။ တချိန်က ဝင့်ကြွားခဲ့သော ပါမောက္ခနေအိမ်များသည် ပေါင်းမြက်များ ဖုံးလွှမ်း လျက်ရှိသည်။ စစ်တပ်က ဗုံးဖြင့်ခွဲခဲ့သော ကျောင်းသားသမဂ္ဂ အဆောက်အဦးနေရာတွင် မြက်များသာ ပေါက်နေသည်။

ဤသည်ကား တစ်ချိန်က အာရှ၏ အကောင်းဆုံး ရန်ကုန်တက္ကသိုလ်ကြီးဖြစ်ပြီး၊ ရာစုနှစ် ထက်ဝက်ခန့် စစ်တပ်မှ အုပ်စိုးခဲ့ပြီး ပညာရေး စနစ်ကို ချိနဲ့စေခဲ့ခြင်း၏ ဝမ်းနည်းဖွယ် သင်္ကေတတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် ဘွဲ့ရပြီးသော ကျောင်းသားများသာ ထိုနေရာတွင် စာသင်နိုင်သည်။ စစ်အစိုးရသည် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြမှုများကို ကြောက်ရွံ့ခြင်း ကြောင့်၊ မကြာခဏ ကျောင်းပိတ်ခဲ့ ပြီး၊ ကျောင်းသားများကို ဝေးလံသော နေရာများတွင် အဆောက်အဦး နည်းပါးစွာဖြင့် ဖြန့်ကျက်ပစ်ခဲ့သည်။
ယခုမြန်မာနိုင်ငံသည် ပြင်ပကမ္ဘာသို့ တံခါး ဖွင့်ခဲ့ချိန်တွင် ထို့အတွက်ကြီးမားစွာ ပေးဆပ်နေရပြီ ဖြစ်သည်။ တက္ကသိုလ်များကို ဖြိုခွဲ ပစ်ခဲ့ခြင်းသည် မျိုးဆက်နှင့်ချီသော ဆုံးရှုံးမှုကို ဖြစ်စေခဲ့ပြီ။ ထို့ကြောင့် ဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် နှေးကွေးသွားမည် ဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများ၊ အလှူရှင်များနှင့် အမြတ်အစွန်းကိုသာ ကြည့်မည့်သူများ မျှော်လင့်ထားသည့်အတိုင်း ဝင်ရောက်လာပါက ပညာရေး ချို့တဲ့သော မြန်မာပြည်သူများသည် ခေါင်းပုံဖြတ် ခံရတော့မည်ဟု ပညာရှင်များက ပြောသည်။
“ကမ္ဘာကြီးကို အမှီလိုက်ဖို့ဆိုရင် အနည်းဆုံး ဆယ်နှစ်လောက်လိုပါမယ်။ ကျွန်တော်တို့ရဲ့ ပညာရေး ယဉ်ကျေးမှုကြီးကို ပြောင်းပစ်ရ ပါမယ်။ ဒါပေမယ့် ဒါလုပ်ဖို့ သိပ်ခက်ခဲနေပါလိမ့်မယ်”ဟု ပညာရေးမြှင့်တင်မှုများ ပြုလုပ်နေသော မင်္ဂလာမြန်မာမှ အကြီးအကဲ ဒေါက်တာဘုန်းဝင်းက ပြောသည်။
ကနဦးခြေလှမ်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။ ယခင်က လုပ်ဆောင်ဖူးခြင်း မရှိသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး စစ်တပ်က အာဏာ ဆုပ်ကိုင်ထားမှုကို လျှော့ချနေသော သမ္မတ ဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ် ၎င်းတက်ရောက်လာစဉ်က မိန့်ကြားခဲ့သော မိန့်ခွန်းတွင် ပညာရေး တိုးတက်ရန် နှင့် နိုင်ငံတကာ အဆင့်မြှင့်တင်ရေးအတွက် နိုင်ငံခြားပညာရှင်များ ရှာဖွေရန် ပြောကြားခဲ့သည်။
ပညာရေးဘက်ဂျက်သည် စစ်တပ်သုံးစွဲမှုထက် စာလျှင် နည်းပါးလွန်းလှပြီး၊ လုံလောက်မှုမရှိဟု ကျယ်ပြန့်စွာ ဝေဖန်ခဲ့ကြသည်။ ဧပြီလက ပညာရေးဘတ်ဂျက်ကို ဒေါ်လာသန်း(၃၄၀) မှ သန်း (၇၄၀) သို့ တိုးမြှင့်ပေးခဲ့သည်။ နှစ်ပေါင်းများစွာကပင် ဘတ်ဂျက်၏ ၂၅% ကိုစစ်တပ်အတွက် အသုံးပြုခဲ့ပြီး၊ ပညာရေးအတွက် ၁.၃% သာအသုံးပြုခဲ့သည်။
မြန်မာနိုင်ငံတွင် ဓါတ်ခွဲခန်းပစ္စည်းများနှင့် ကိရိယာများကိုင်တွယ်နိုင်မည့် အင်ဂျင်နီယာများ မဖြည့်ဆည်းပေးနိုင်သည်မှာ ဓါတုဗေဒ ပါမောက္ခ မျိုးဆက်နှစ်ဆက် ရှိပြီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးမိုးကျော်က ပြောသည်။
MBA ဘွဲ့ရများမှ အစပြု၍ ရှေ့နေများနှင့် စာရင်းကိုင်များအဆုံး များစွာ လိုအပ်လျက်ရှိသည်။ ဦးမိုးကျော်က တိတိပပ စိုးရိမ်ရသော အချက်မှာ အကယ်၍ ရင်းနှီးမြှုပ်နှံမှုများ ပုံအော ဝင်လာပါက ကျွမ်းကျင်သော ပညာရှင်များနှင့် လုပ်သားများ မရှိခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ မကြာသေးမီက ရန်ကုန်၏ အနာဂတ်နှင့် ပတ်သက်၍ ကွန်ဖရင့်တစ်ခုတွင် အစိုးရ တာဝန်ရှိသူများက တိုင်းပြည်တွင် မြို့ပြဖွံ့ဖြိုးရေးနှင့် ပတ်သက်သော ပညာရှင် (၅၀) ဦး ခန့်သာ ရှိပြီး (၅၀၀) ခန့် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံဟာ အမြတ်ထုတ်ခံရနိုင်တယ်လို့ ပြောနိုင်ပါတယ်။ ပြည်တွင်းမှာ အဆင့်အတန်းမှီတဲ့ လူတွေမရှိတော့ နိုင်ငံခြားသားတွေက သူ့ဘာသာခေါ်လာကြတဲ့အခါ မြန်မာတွေအဖို့ လခကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်”ဟု UNESCO မှ ပညာရေးနှင့် ပတ်သက်သော Sardar Umar Alam ကပြောသည်။
“အစိုးရသည် အဆင့်မြင့်ပညာအတွက် ကျောင်းပေါင်း (၁၆၀) ခန့် တိုးမြှင့်ပေးခဲ့သော်လည်း၊ ဘွဲ့ရသူ အများစုက ၎င်းတို့၏ဘွဲ့နှင့် မထိုက်တန်ကြောင်း ကိုယ့်ကိုကိုယ် ပြက်ရယ်ပြုကြသည်။
ယခင် ဗြိတိသျှကိုလိုနီဟောင်းဖြစ်သော မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာ အရည်အသွေးများ ပျောက်ဆုံးသွားရခြင်းအတွက် အများက စိတ်ပျက် နေကြသည်။ ၁၉၆၀ ခုနှစ်နှစ်လယ်များက နိုင်ငံခြားသားကြောက်သော ဗိုလ်ချုပ်နေဝင်းက ကျောင်းများတွင် အတန်းငယ်များ၌ အင်္ဂလိပ်စာ သင်ကြားမှုကို ပိတ်ပင်ခဲ့သည်။
“ကျွန်တောတို့ မန္တလေးရုံးမှာ အလုပ်တော်တဲ့ အမျိုးသမီးဝန်ထမ်း တစ်ဦးရှိပါတယ်။ သူက စိတ်ပညာနဲ့ဘွဲ့ရပေမယ့် အင်္ဂလိပ်လို စာလုံးတောင် မပေါင်းတတ်ပါဘူး”ဟု ဦးမိုးကျော်က ပြောသည်။
ပညာရေးအပေါ် ဆင်နွှဲသော တိုက်ပွဲမှာ ၁၉၆၂ ခုနှစ်စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အဦးကို အစိုးရဆန့်ကျင်သူများ၏ လှုပ်ရှားမှုများ စတင်ရာနေရာ အဖြစ်မှတ်ယူ၍ ဗုံးခွဲခဲ့ရာမှ စတင်ခဲ့သည်။
သို့သော် အမှောင်ဆုံးနေ့ရက်များမှာ ၁၉၈၈ ခုနှစ်က ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော ဒီမိုကရေစီ ဆန္ဒပြပွဲများ ရှုံးနိမ့် ခဲ့ရမှုများအပြီးတွင် ထွက်ပေါ်လာခဲ့သည်။ စစ်အစိုးရသည် တက္ကသိုလ်များကို ပိတ်ပစ်ခဲ့ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို ကာကွယ်သည့်အနေဖြင့် ကျောင်းသားများကို မြို့နှင့် ဝေးရာသို့ ပို့ပစ်ခဲ့သည်။
“တက္ကသိုလ်ကျောင်းသားဘဝတွေဟာ တစ်စစီပြိုကွဲခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရက တက္ကသိုလ်ကျောင်းသားတွေဟာ ငြိမ်ဝပ်ပိပြားနေရ မယ်လို့ ခံယူထားလို့ပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ဗြိတိသျှပါလီမန်တွင် ပြောခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ပညာရေးစနစ်က လွန်စွာ အားနည်းနေပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးတွေနဲ့ ဆရာတွေ ကို လေ့ကျင့် သင်ကြားပေးရေးတွေသာမကပဲ ကျွန်မတို့ရဲ့ ပညာရေး အပေါ်ထားတဲ့ သဘောထားကိုလည်း ပြုပြင်ယူရပါမယ်။ လက်ရှိ အားဖြင့် ပညာရေးနှင့် ပတ်သက်ပြီး သဘောထားက အမြင်ကျဉ်းမြောင်းလွန်းပြီး၊ ပြောင်းလဲလိုစိတ် မရှိပါဘူး”ဟု သူက Oxford တက္ကသိုလ်တွင် ပြောကြားခဲ့သည်။
ကျောင်းသားများမှာ ကျေးလက်တွင်ရှိသော ကျောင်းများသို့ တက်ရောက်ရန် အားမရှိကြဘဲ အဝေးသင်ပညာရေးကိုသာ ပို၍ စိတ်အားထက်သန် ကြသည်။ ကျောင်းသားများ၏ ၇၀% မှာ အဝေးသင်ဖြင့်သာ ဘွဲ့ယူကြသည်။ ပုံမှန်အားဖြင့် အဝေးသင် ကျောင်းသားများမှာ တစ်နှစ်လျှင် ၁၀ ရက်ခန့်သာ ကျောင်းတက်ရပြီး၊ အိမ်တွင်လုပ်ရန် အဆိုင်းမင့်များ ပေးခြင်းသာ ရှိသည်။
အသက်လေးဆယ်ကျော် ဝန်းကျင်တွင် ရှိနေသူများသည် အစိုးရထံတွင်သော်လည်းကောင်း၊ စီးပွားရေး လောကတွင် လည်းကောင်း အကြီးတန်း နေရာများတွင် ရောက်နေသင့်ပြီဖြစ်သည်။ သို့သော် ယခု ဤအရွယ်သို့ ရောက်နေသူများမှ ကျောင်းတွင် ပညာပြည့်ဝစွာ မရခဲ့၊ အချို့ကလည်း ရည်မှန်းချက် ပျက်၍ အရည်အချင်း မပြည့်ဝဘဲ အလုပ်အကိုင်ဘဝထဲသို့ ရောက်ရှိခဲ့ရပြီး၊ အချို့ကလည်း နိုင်ငံခြား တိုင်းပြည်များသို့ ထွက်သွားရခဲ့သည်။
အာဏာရှင်စနစ်၏ လက်အောက်တွင်ရှိသော နှစ်များအတွင်း ပညာရေးစနစ်သည် အောက်သို့စိုက်၍ ထိုးဆင်းသွားခဲ့သည်။ စာမေးပွဲ တွင် ခိုးချ ခြင်းများကလည်း ကျယ်ပြန့်လာသည်။ ဆင်းရဲ မွဲတေမှုကြောင့် ကိန်းဂဏန်းမှာ မယုံနိုင်ဖွယ် ကျဆင်းခဲ့ရာ လူဦးရေ၏ ၇၀% သည် မူလတန်း ပညာရေးကိုပင် ပြီးဆုံးအောင် မသင်နိုင်ဖြစ်ရသည်ကို တွေ့ရသည်။ တက္ကသိုလ်များ၏ အဆင့်အတန်းမှာလည်း လျင်မြန်စွာ ကျဆင်းခဲ့သည်။
“မြန်မာနိုင်ငံမှာ ပါမောက္ခတွေဟာ သုတေသန လုပ်ဖို့မလိုပါဘူး၊ စာတမ်းလေးရေး၊ ကွန်ဖရင့်လေး တက်ရုံပါပဲ။ သောကြာနေ့မှာ လျှောက်လွှာတင်၊ တနင်္လာနေ့မှာ ပါမောက္ခဖြစ်ပြီ”ဟု ဒေါက်တာဘုန်းဝင်းက ပြောသည်။
မကြာမီက စစ်တပ်အုပ်ချုပ်ရေးမှ အရပ်သား အုပ်ချုပ်ရေးသို့ ပြောင်းလဲသွားခဲ့ရာ၊ ပြည်သူများသည် ၎င်းတို့၏ ဒေါသများကို ဖော်ထုတ် လာကြသည်။ နာမည်ကြီးသော ဘလောဂ့်တစ်ခုတွင် ဘာမျှ မတက်သော စစ်အရာရှိများသည် ၎င်းတို့၏ အာဏာကို အလွဲသုံးစား၍ ချမ်းသာအောင် လုပ်နေသည်ဟု ပညာရေး တာဝန်ရှိသူများကို စွပ်စွဲပြောဆိုထားသည်။
သို့သော် အစိုးရသည် ၉ သန်းမျှရှိသော ကျောင်းသားများ တိုးတက်မှုရှိရေးအတွက် ကြိုးစားနေပုံတော့ရသည်။
ကျောင်းဆရာများမှာ ဆင်းရဲသည့် အဆင့်တွင်ပင် ရှိနေသေးပြီး လစာ တိုးမြှင့်ပေးထားပြီး တစ်လလျှင် ဒေါ်လာ (၃၀) တိုးပေး ထားသည်။ ကျေးလက်တွင် တာဝန် ထမ်းဆောင်သူများ နှစ်ဆ တိုးသည်။
ယခင်ကတည်းက အဆက်အသွယ် ရှိခဲ့သော နိုင်ငံခြား တက္ကသိုလ်များ ပြန်လည် တည်ထောင်ရန် လုပ်ဆောင်လျက်ရှိသည်။ အမေရိကန်၏ John Hopkins တက္ကသိုလ်သည် ဘွဲ့ရကျောင်းသားများနှင့် ဆရာများ လေ့ကျင့်ပေးရေးအတွက် ရည်ရွယ်၍ ရန်ကုန်တက္ကသိုလ်တွင် Center of Excellence ထူထောင်ရန် စီစဉ်နေသည်။
“သမ္မတကြီးကတော့ ပညာရေးနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တကယ်ကို တွန်းအားပေးနေတာပါပဲ။ ဒါပေမယ့် ဒါက အထက်က အောက်သွားတဲ့ပုံစံ(top-down)ဖြစ်နေတော့၊ ညွှ့န်ကြားရေးမှူးချုပ် အဆင့်လောက်မှာတင် ရပ်နေတယ်” ဟု မြန်မာနိုင်ငံ၏ လေးစားရသော ပညာရှင် တစ်ဦးဖြစ်သူ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူးဟောင်း ဦးသော်ကောင်းက ပြောသည်။ “အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စကားကို နားထောင်နေတာပဲ။ တစ်ခါတစ်ရံ ဝန်ကြီး အဖြေရ ခက်တဲ့ မေးခွန်းတွေတောင် မေးနေကြတယ်” ဟု ၎င်းကဆိုသည်။
မြန်မာပညာတတ် အများစုက သမ္မတအကြံပေးဦးမြင့်၏ ယခု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသော ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို သင်တန်းများ ပြန်လည်ဖွင့်ရန်နှင့် ပြည်သူလူထု အလှူငွေဖြင့် ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် ဆောက်လုပ်ရန် တိုက်တွန်းထားမှုအား ခေါင်းဆောင်ပိုင်းမှ တုံ့ပြန်မှုကို စိတ်အားထက်သန်စွာ စောင့်ကြည့်လျက်ရှိသည်။ ၎င်းက ရန်ကုန်တက္ကသိုလ်အား အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသော မှတ်တိုင်ဟုလည်းကောင်း၊ သမိုင်း စာမျက်နှာသစ် အသစ်စတင်ရန် အကောင်းဆုံးနည်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထွက်ပေါ်လာမည့် ရလဒ်သည် အစိုးရက ၎င်း၏ ရည်ရွယ်ချက်အပေါ် အလေးအနက်ထားခြင်း ရှိ-မရှိ အဓိက စမ်းသပ်မှုအတွက် သက်သေဖြစ်မည် ဖြစ်သည်။ သို့တည်းမဟုတ် ကျောင်းသားများ၏ စွမ်းအားကို ကြောက်ရွံ့သော စိတ်၏ အရိပ်ထိုးမှု ခံရဆဲလားဆိုသည်ကို စောင့်ကြည့်ရပေတော့မည်။
မြန်မာသည် ကမ္ဘာကို တံခါး ဖွင့်ပြီးနောက် ချည့်နဲ့သော ပညာရေးစနစ်နှင့် ကျောင်းမတက်နိုင်သော ပြည်သူများ များပြားနေခြင်းအတွက် တန်ဖိုးကြီး ပေးဆပ်ရတော့မည်။
ထွန်းဝေ
http://www.maukkha.org/index.php/book-store/reading-room-maukkha/2196-crippled-education-myanmar
  lu bo

ဘကြီးသက်
Unknown at 12:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.