Monday, March 19, 2012

Voice ပြဿနာအဖြေရှာ

 
ဒီအပတ်ထုတ် Voice ဂျာနယ်မှာ ၀န်ကြီးဌာန အချို့က ငွေအလွဲသုံးစား လုပ်မှုတွေဆိုတဲ့ သတင်းပါလာတော့ အတော်လေး ဂယက် ရိုက်သွားပါတယ်။ အစိုးရ သတင်းစာတွေမှာ သတ္တုတွင်း ၀န်ကြီးဌာနက သတင်းမှားတဲ့ အတွက် ဂျာနယ်ကို ဥပဒေအရ ဆောင်ရွက်မယ်လို့ ဖော်ပြလိုက်တဲ့အခါ ဂယက်က ပိုကြီးလာပါတယ်။ ရေးဖော်လည်းဖြစ်၊ ပရိသတ်လည်း ဖြစ်တဲ့ ကိုစစ်အောင်က ဒီအကြောင်းကို ကျင့်ဝတ်အရ သုံးသပ် ရေးစမ်းပါ ဆိုပြီး တိုက်တွန်း လာပါတယ်။ ဒါ့ကြောင့်လည်း ဒီကိစ္စအပေါ် လေ့လာ မိသလောက် ရေးပြချင်ပါတယ်။
ပထမဆုံး ပြောချင်တာက ကျွန်တော့် အနေနဲ့ ဘယ်သူ မှားတယ်၊ မှန်တယ် ဆိုတာကို ပြောမှာ မဟုတ်ပါဘူး။ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ဥပဒေအရ လက်လှမ်း မီသလောက် လေ့လာ တင်ပြခြင်းသာ ဖြစ်တယ်ဆိုတဲ့ အချက်ပါ။ 
 
ဒီပြဿနာမှာ အဓိက စဉ်းစားရမယ့် အချက်နှစ်ခု ရှိပါတယ်။
ပထမအချက်က သတင်း အရင်းအမြစ် ဖြစ်ပါတယ်။ Voice ဂျာနယ်က ဒီသတင်းကို ရေးတဲ့အခါ စာရင်းစစ်ချုပ်ရုံးက လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ပါတယ်ဆိုပြီး ကိုးကား ထားပါတယ်။ ဒါပေမယ့် သတင်းရေးတဲ့ သတင်းထောက် ဒါမှမဟုတ် အယ်ဒီတာ ကိုယ်တိုင်က ဒီအစီရင်ခံစာကို ဖတ်ရသလား၊ ဒါမှမဟုတ် အဲဒီ အစီရင်ခံစာကို ဖတ်ရတဲ့ ဒါမှမဟုတ် အဲဒီ အစီရင်ခံစာ အကြောင်းကြားရတဲ့ လွှတ်တော် အမတ် တစ်ဦးက ပြောတာကို ကိုးကားတာလား ဆိုတဲ့ အချက်ကို တိတိ ပပ ပြောမထားဘူး။ ဒါပေမယ့် ရေးထားတဲ့ အရေး အသားကို ကြည့်ရတာကတော့ လွှတ်တော် အမတ်ရဲ့ ပြောကြားချက်ကိုပဲ တဆင့် ကိုးကား ထားတဲ့ပုံ ပေါက်နေပါတယ်။ 
 
ဒုတိယ အချက်က အဲဒီ စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာမှာ သတ္တုတွင်း ၀န်ကြီးဌာနနဲ့ ပတ်သက်ပြီး ဘယ်လို ဖော်ပြထားသလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ သတင်းထောက် အနေနဲ့ အစီရင်ခံစာကို ကိုယ်တိုင် ဖတ်ရတယ် ဆိုရင်တောင် သူ့ရဲ့ ပြန်လည် ရေးသားချက်ဟာ အစီရင်ခံစာမှာ ပါတဲ့ ဆိုလိုရင်းနဲ့ ကွဲလွဲမှုမရှိဖို့ လိုပါတယ်။ အခု သတင်းမှာ ကျန်တဲ့ ၀န်ကြီး ဌာနတွေရဲ့ ကိစ္စကို ရေးတဲ့အခါမှာ ငွေကြေး အလွဲသုံးစား လုပ်မှု ပီပြင်တဲ့ သဘော တွေ့ရပေမယ့် သတ္တုတွင်း ၀န်ကြီးဌာနနဲ့ ပတ်သက်ရင် ဦးပိုင်က ပေးရမယ့်ငွေကို ပြည်ပ ကုမ္ပဏီတစ်ခုက ဦးပိုင် ကိုယ်စား ပေးခဲ့တာကိုပဲ ဖော်ပြထားတာ တွေ့ရပါတယ်။ လေ့လာမိ သလောက်ပြောရရင် စာရင်းစစ်ရုံးက စစ်တဲ့အခါ ယျေဘူယျအားဖြင့် နှစ်မျိုး ရှိပါတယ်။ တစ်ခုကတော့ အလွဲသုံးစား လုပ်တာပေါ့ဗျာ၊ ဒါကတော့ ရှင်းတယ်၊ နိုင်ငံတော်က ရရမယ့်ငွေကို ဖြတ်စားတာမျိုးပေါ့။ နောက်တစ်မျိုးက လုပ်ထုံး လုပ်နည်း မှားတာ။ ဒါက ရတဲ့ငွေကို သွင်းရမယ့် ခေါင်းစဉ်အောက်ကို မသွင်းပဲထား တစ်ခြား ငွေစာရင်းမှာသွင်းတာ၊ ဒါမှမဟုတ် ငွေသုံးတဲ့ အခါ မဆိုင်တဲ့ ငွေစာရင်း အောက်က ယူသုံးတာမျိုး ဖြစ်ပါတယ်။ အခု သတင်းမှာ သတ္တုတွင်း ကိစ္စကို အလွဲသုံးစားမှုလို့ ရေးထားတယ်။ ဒါမှမဟုတ် ငွေကြေး အလွဲသုံးစားမှု ဖြစ်တဲ့ ၀န်ကြီးဌာနများနဲ့ ယှဉ်တွဲ ရေးထားတဲ့ အတွက် သတ္တုတွင်း ၀န်ကြီးဌာနက အဖြစ်အပျက်ဟာ ငွေကြေး အလွဲသုံးစား လုပ်မှု ဖြစ်တယ် ဆိုတဲ့ သဘော သက်ရောက် နေပါတယ်။ တကယ်လို့ အစီရင်ခံစာမှာက လုပ်ထုံး လုပ်နည်း မှားတယ်လို့ ရေးထားတယ် ဆိုရင်တော့ Voice သတင်းက မှားနေတယ်လို့ ဆိုရမှာ ပါ။ 
 
ဒါ့ကြောင့် Voice အနေနဲ့ သူတို့ သတင်းဟာ စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာပါ အတိုင်း ဖြစ်တယ် ဆိုတာ တရားရုံးမှာ သက်သေပြဖို့ လိုတယ် ဆိုတာတော့ မြင်သာပါတယ်။ ဒီနေရာမှာ Voice ဘက်က ကာကွယ် ပြောဆိုနေတဲ့ စာနယ်ဇင်း သမားတစ်ချို့က ဒီသတင်း ရေးတာဟာ စာနယ်ဇင်း ကျင့်ဝတ် အတိုင်း လုပ်တာဘဲ ဆိုပြီး ပြောတာလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာမှာ အများက လက်ခံထားတဲ့ စာနယ်ဇင်း ကျင့်ဝတ်များက ဘယ်လို ရှိသလဲ ဆိုတာလေး ကြည့်ရ အောင်။ 
 
သတင်းသမား တစ်ယောက်ဟာ သတင်းမှန်ကို ပေးဖို့ တာဝန် ရှိတဲ့ အကြောင်းကို British National Union of Journalists (NUJ) က ပြဋ္ဌာန်း ထားတဲ့ ကျင့်ဝတ်များမှာ အခုလို ရေးထားပါတယ်။
 သတင်းထောက် တစ်ဦးသည် မိမိ ရေးသားသည့် သတင်းကို မှန်ကန်ပြီး မျှတမှု ရှိအောင် ကြိုးပမ်း ဆောင်ရွက်ရမည်။ တစ်ဦး တစ်ယောက်၏ ထင်မြင်ချက်များ၊ ယူဆချက်များကို အခိုင်အမာ သတင်းကဲ့သို့ ရေးသားမှုမျိုးကို ရှောင်ရှားရမည်။ အချက် အလက်များကို ချန်လှပ်ထားခြင်း၊ သို့မဟုတ် လိုရာ ဆွဲပြီး အသုံးပြုခြင်းကို ရှောင်ရှားရမည်။ 
 
ဗြိတိန်နိုင်ငံ သတင်းစာနဲ့ ဂျာနယ် ထုတ်ဝေသူများ လိုက်နာရမယ့် ကျင့်ဝတ်  newspaper and periodical industry’s Code of Practice မှာလည်း သတင်း တိကျ မှန်ကန်မှုနဲ့ ပတ်သက်ပြီး အခုလို ရေးထားပါတယ်။ 
စာနယ်ဇင်းများ အနေဖြင့် မှားယွင်းသော၊ အဓိပ္ပါယ် လွဲမှားနိုင်သော၊ လိုရာဆွဲ ပုံဖျက် ရေးသား ထားသော သတင်းများ၊ ဓာတ်ပုံများကို ရေးသား ဖော်ပြခြင်း မပြုရ။ 
 
နိုင်ငံတကာမှာတော့ သတင်းစာများ၊ သတင်းဌာနများဟာ အဲဒီ စာနယ်ဇင်း ကျင့်ဝတ်တွေကို လိုက်နာနိုင်ဖို့ အတွက် အယ်ဒီတာ စည်းကမ်း Editoral Guidelines များကိုလည်း မိမိ တိုက်အလိုက် သတ်မှတ် ထားပါတယ်။ အသေးစိတ် အချက်အချို့ ကွဲလွဲတာကလွဲရင် ဒီစည်းကမ်းတွေက တူပါတယ်။ အဲဒီ စည်းကမ်းတွေ ထဲမှာ သတင်း မှန်မမှန် စိစစ်ရမယ့် နည်းလမ်း များရှိ တာကိုလည်း တွေ့ရပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာကတော့ Newsroom Integrity Statement ဆိုတာကို ၁၉၉ ၉ နဲ့ ၂၀၀၄ ခုနှစ်တွေမှာ ထုတ်ပြန်ခဲ့ပြီး သတင်းထောက်တွေ အနေနဲ့ သတင်း အချက် အလက်များကို အနည်းဆုံး Source နှစ်ခုဆီကနေ အတည်ပြုဖို့၊ တကယ်လို့ အခြေအနေအရ သတင်း အခြေအမြစ် တစ်ခုဆီကပဲ ရတယ်၊ သို့သော် ယုံကြည် ရတယ်ဆိုရင် အယ်ဒီတာ အဖွဲ့ကို တင်ပြပြီး အတည်ပြုချက် ယူဖို့ စသည်ဖြင့် အသေးစိတ် သတ်မှတ် ထားတာကိုတွေ့ရပါ တယ်။ 
 
သို့သော် လူဆိုတာ အမှားနဲ့ မကင်းတဲ့အတွက် သတင်းမှားများကို ဖော်ပြ မိတတ်တာပါပဲ။ အဲဒီ အခါမှာလည်း နိုင်ငံတကာ စာနယ်ဇင်း ကျင့်ဝတ်တွေမှာ အရေးကြီးတဲ့ သတင်းတွေမှာ လူတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုက သူနဲ့ပတ်သက် ပြီးရေးတဲ့ သတင်းဟာ မှားနေတယ် လို့ စာပြန် ရေးလာရင် အဲဒါကို သက်ဆိုင်ရာ သတင်းစာ၊ ဂျာနယ်က ထည့်ပြီး ဖော်ပြပေးရမယ် (right of reply) လို့ ဖော်ပြ ထားတာကို တွေ့ရပြီး သက်ဆိုင်ရာ သတင်းစာ ကိုယ်တိုင်က မိမိ သတင်း မှားကြောင်း သိရရင်လည်း တောင်းပန်စာကို ထင်ထင် ရှားရှား ဖော်ပြပေးရမယ်လို့ သတ်မှတ် ထားတာ ကိုလည်း တွေ့ရပါ တယ်။ 
 
ဒါ့ကြောင့် စာနယ်ဇင်း သမားများ အနေနဲ့ သတင်း လွတ်လပ်စွာ ရေးခွင့်ရှိသလို ကိုယ့်သတင်းမှန်၊ မမှန်စစ်ဖို့လည်း တာဝန် ရှိတယ်။ မှားရင် တောင်းပန် ရမယ် ဆိုတာ ထင်ရှား ပါတယ်။ အပြင်မှာ ဖြေရှင်းလို့ မကျေနပ်ဖူး ဆိုရင်တော့ တရားရုံး တက်ကြပေါ့။  
ဒီနေရာမှာ  အဲဒီလို သတင်းမှားတွေကို တရားစွဲကြ ၊ ကန့်ကွက်ကြ လုပ်နေရင် သတင်း လွတ်လပ်ခွင့်ကို မထိခိုက်ပေးဘူး လားလို့ မေးစရာ ရှိပါတယ်။ အရှင်းဆုံး ပြောရရင်တော့ စာနယ်ဇင်း သမားများဟာလည်း ဥပဒေရဲ့ အောက်မှာရှိတာမို့ ဥပဒေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သို့သော် အသရေ ဖျက်မှုလို စွပ်စွဲချက်မျိုးမှာ ခုခံ ကာကွယ်သူဘက်က အသရေဖျက်မှု မမြောက်ကြောင်း ထုချေနိုင်တဲ့ ကင်းလွတ်ခွင့်တွေ ပေးထားပါတယ်။ မြန်မာနိုင်ငံမှာ ကင်းလွတ်ခွင့် ငါးခု ရှိတယ်လို့ လေ့လာ ဖူးပါတယ်။ စာအုပ်စာတမ်း မရှိလို့ တိတိကျကျ မပြောနိုင်ပါဘူး။ ပုဒ်မ ၅၀၀ နဲ့ ပတ်သက်ပြီး လေ့လာရင် တွေ့နိုင်ပါတယ်။ နိုင်ငံတကာမှာတော့ သတင်း ရေးသားချက်ဟာ မှန်ကန်တယ်၊ ပြည်သူ့ အကျိုးစီးပွား (Publci Interest) အတွက် ဖြစ်တယ်၊ ဥပဒေအရ ရေးခွင့်ရှိတဲ့ သတင်းမျိုး ဖြစ်တယ် ဆိုတာ သက်သေပြနိုင်ရင် အသရေ ဖျက်မှု မမြောက်ဖူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂ နိုင်ငံများမှာတော့ သတင်းစာ ဆရာများ၊ ဂျာနယ်လစ်များကို သတင်းမှားတာ၊ ကျင့်ဝတ် ချိုး ဖောက်တာများအတွက် ဒဏ်ငွေပဲချမှတ်ရမယ်၊ ထောင်ဒဏ်မချမှတ်ရဘူးလို့ ဥပဒေနဲ့ တားမြစ် ထားတာလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် စာနယ်ဇင်း သမားဟာ မိမိ ရေးသားချက်ဟာ အသရေဖျက်မှု မြောက် မမြောက် စဉ်းစားဖို့ လိုပါတယ်။ သတင်းထူး ဆိုရင် ပိုပြီး ဂရုစိုက်ရမှာပါပဲ။ ဒါဟာ စာနယ်ဇင်း သမားရဲ့ တာဝန်ပါပဲ။ 
 
ဒါတွေကတော့ Voice ဂျာနယ် ပြဿနာနဲ့ ပတ်သက်ပြီး လေ့လာမိတဲ့ ဥပဒေ ရှုထောင့်၊ စာနယ်ဇင်း ကျင့်ဝတ် ဆိုင်ရာ ရှုထောင့်များပဲ ဖြစ်ပါတယ်။ တစ်ချို့ကတော့ ဒီပြဿနာကို သတင်း လွတ်လပ်ခွင့်ကို ပိတ်ပင်မှု အဖြစ်နဲ့ မြင်ကြပါတယ်။ ကျွန်တော် ကတော့ မြန်မာ့ စာနယ်ဇင်း လောက အတွက်ရော၊ အစိုးရ အတွက်ပါ အကျိုး ရှိစေမယ့် စမ်းသပ်ချက် (Test Case) လို့ပဲ မြင်တယ်။ အခု အစိုးရဘက်က ပြောနေတဲ့ အတိုင်း ဆိုရင် နောင်မှာ စာပေစိစစ် ရှိမှာ မဟုတ်ဘူး။ စာနယ်ဇင်းတွေက ကိုယ့်တာဝန် ကိုယ်ယူပြီး ရေးရမှာ။ အဲဒီအခါမှာ အစိုးရ ဘက်ကတင် မဟုတ်ဘူး၊ အနုပညာရှင်များလို ထင်ရှား ကျော်ကြားသူ များဆီကလည်း စောဒက တက်တာတွေ၊ တရားစွဲဖို့ လုပ်တာတွေ ရှိမှာပဲ။ ဗြိတိန်နိုင်ငံမှာ ၂၀၁၀ တစ်နှစ်တည်းမှာ တရား စွဲတာမပါ စာနယ်ဇင်းနဲ့ ရုပ်သံတွေကို ကန့်ကွက်စာ ပို့လို့ ဖြေရှင်းရတဲ့ အမှု ခုနှစ်ထောင်ကျော် ရှိတယ်လို့ လေ့လာမိတယ်။
  
ဒီတော့ စာနယ်ဇင်းတွေဟာ နောင်ဆိုရင် ဥပဒေ သမားတွေကို အတိုင်ပင် ခံထားတာ၊ သတင်းထောက်တွေ၊ အယ်ဒီတာ တွေ လိုက်နာရမယ့် စည်းမျဉ်းတွေကို တိုက်အလိုက် အတိအကျ ရေးထား တာမျိုးတွေ လုပ်ရတော့မှာ ဖြစ်ပါတယ်။ အစိုးရ ဌာနတွေ ဘက်ကလည်း ဒီအမှုမှာသာ အရေးနိမ့်ခဲ့ရင် နောင်ဆိုရင် ထစ်ကနဲရှိ အမှု ဖွင့်တာမျိုး မဟုတ်ဘဲ ကိုယ့်ဘက်က လည်း ဥပဒေနဲ့ လုပ်တတ်အောင်၊ မီဒီယာတွေကို ပိုပြီး ဆက်ဆံ တတ်အောင် လုပ်ရတော့မှာ ဖြစ်တယ်။
ဒါ့ကြောင့် Voice ပြဿနာ ဘယ်လို အဆုံးသတ်မယ် ဆိုတာ အတော် စိတ်ဝင်စားဖို့ ကောင်းတယ်လို့ပဲ ဆိုရမှာပဲ။ 
ပိတောက်မြေ
Unknown at 10:15 PM
Share

1 comment:

  1. လူမှန်ကြီးMarch 20, 2012 at 4:19 PM

    အင်မတန်မှကောင်းသောထင်မြင်ယူဆချက်လေးပါ ပညာပေးအနေနဲ့ ထိထိရောက်ရောက်အရေးယူသင့်ပါတယ် သတင်းဆိုတာအတင်းနဲ့ ကောလဟာလကို ရေးလို့မရဘူးဆိုတာ သတင်းသမားတွေသိဖို့အရေးကြီးပါတယ်..

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.